စိန်ခေါ်မှု ရင်ဆိုင်နေရ - UNFC
2016.08.08

လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ် SSR/DDR နဲ့ ပတ်သက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရင်ဆိုင်နေ ရတယ်လို့ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာ က ပြော ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့စတင်ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ် SSR/DDR နဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ မူဝါဒတစ်ရပ်ရရှိဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ တွေ့ ဆုံဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာ က သတင်းထောက်တွေကို အခုလို ပြောတာဖြစ်ပါတယ်။
“အဓိကကတော့ တပ်မတော်ရဲ့ အမြင်ပဲဗျ၊ တပ်မတော်ကလည်း သူတို့က ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်မယ် လို့ပြောတယ် ၂၀၀၈ ဖွဲ့စည်းပုံကလည်း တပ်မတော်ရဲ့ အခွင့်အာဏာကို ကာကွယ်ထားတယ်၊ အဲ့တော့ သဘောကတော့ တပ်မတော်က သူတို့အခွင့်အဏာကို သူတို့ကာကွယ်တာပဲ အဲ့ဒါကို သူတို့အခွင့်ထူးတွေ ရေ ရှည်ရလာတယ်၊ လက်ရှိအနေအထားမှာလည်း တပ်မတော်က အရာရှိတွေဆိုရင်တော့ ဒါ အများသိပဲလေ သူဌေးတွေ ဖြစ်နေကြတယ်ဗျ၊ စီးပွားရေးအရလည်း သူတို့ တော်တော်လေး အခြေခံကောင်းနေတယ်၊ နိုင် ငံရေးအာဏာအရလည်း အခြေအနေကောင်းနေတယ် ဒီအနေအထားကို ပြုပြင်ဖို့ဆိုတဲ့နေရာမှာကတော့ ဒါက တော်တော်လေး အရေးကြီးတဲ့ ပြဿနာ စိန်ခေါ်နေတဲ့ ပြဿနာလို့တော့ မြင်တယ်”
ဒီအခြေအနေတွေအပေါ် အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရှာဖွေနိုင်ဖို့နဲ့ ရလဒ်ကောင်းတွေရရှိဖို့ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ကိုယ်စားလှယ်တွေ ခေါ်ယူပြီး လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စနစ်ကိစ္စကို တွေ့ဆုံဆွေးနွေးနေတာဖြစ်တယ်လို့ နိုင်ဟံသာ က ဆက်ပြောပါတယ်။
“အဓိက ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းတဲ့နေရာမှာ ကနေ့အထိက ကျနော်တို့ နိုင်ငံမှာကတော့ လက်နက် အင်အားနဲ့ပဲ အဆုံးအဖြတ်ပေးနေတယ်ဆိုတဲ့ အနေအထားမျိုးကို မြင်နေတယ်၊ ဒါကြောင့် တိုင်းရင်းသားတွေ ဘက်ကလည်း ဒီယုံကြည်မှု မရှိသေးခင်ကာလမှာ ဘယ်လိုမှ ကိုယ့်တပ်ကို အဖျက်ခံနိုင်မှာမဟုတ်ဘူး၊ အဲ့တော့ ဒါဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်လိမ့်မယ်၊ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်တယ် ဖော်ပြီ သဘောတူပြီ ထားပါပေါ့နော် ဒါပေမဲ့ ဘယ်လိုပုံစံမျိုး စသဖြင့်ပေါ့နော်၊ အဓိက အဲ့တပ်ပြဿနာကတော့ ခက်ခဲ လိမ့်မယ်လို့တော့ မြင်တယ်၊ ဒါကြောင့် ဒါကို ဖြေရှင်းနိုင်ဖို့နဲ့ အကောင်းဆုံးဖြစ်နိုင်ဖို့ဆိုတဲ့ နေရာမှာကတော့ အများကြီး နည်းလမ်းရှာဖို့လိုတယ်၊ ကျနော်တို့ဘက်ကတော့ အဲ့ဒါကို အဓိကထားပြီးတော့ ဖြေရှင်းတဲ့နေရာမှာ ခက်ခဲလိမ့်မယ်လို့ မြင်ပြီးတော့မှ နည်းလမ်းတွေ ရှာနေတယ်"
သုံးရက်ကြာကျင်းပမည့် ဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု ဆိုင်ရာနည်းနာတွေ၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အတွေ့အကြုံတွေ နဲ့ နှိုင်းယှဉ်ဆွေးနွေး ဖလှယ်တာတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခြေခံပြီး လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကိစ္စတွေကို လေ့လာသုံးသပ်မှုတွေ လုပ်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ကိုယ်စားလှယ်အနေနဲ့ တက်ရောက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဥက္ကဌ စောသန်းမြင့် ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားအရ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ဖြစ်သင့်တဲ့အခြေအနေကို အခုလို ပြောပါတယ်။
“DDR ကိုတော့ ကျနော်တို့ လက်ရှိအနေနဲ့မှာ လက်ခံနိုင်တဲ့ အနေအထားမရှိဘူး DDR ဆိုတာ လက်နက် အရင်ဖြုတ်သိမ်းမယ်၊ အရှင်းဆုံးပြောရရင် အလင်းဝင်ပေါ့ဗျာ၊ ပြီးတော့မှ လူဦးရေ လျှော့ချ၊ ပြီးတော့မှ တပ်မတော်တစ်ခုတည်း ရှိရမယ်ဆိုတဲ့မူမှာ ပြည်ထောင်စု တပ်မတော်ဖြစ်ဖြစ်၊ ဖက်ဒရယ် တပ်မတော်ဖြစ်ဖြစ် အဲ့ဒီမှာ အားလုံးပူးပေါင်းပါဝင်မယ် မပါဝင်ရင်တော့ နုတ်ထွက်နိုင်တယ်၊ နိုင်ငံရေးလုပ်နိုင်တယ် တခြားမိမိဆိုင်ရာ လုပ်ငန်းလုပ်နိုင်တယ်၊ အဲ့ဒီပထမဆုံးအချက်ကို ကျနော်က လက်မခံနိုင်ဘူး၊ SSR ကတော့ ပထမဆုံး ငြိမ်းချမ်းရေး လုပ်ပေါ့နော်၊ အခုကတော့ အပစ်အခတ်ရပ်စဲရေးပေါ့နော် သူက ပြီးရင် ငြိမ်းချမ်းရေးလုပ် ပြီးမှ ဆွေးနွေး ၊ ဆွေးနွေးပြီးတော့ ဒီတပ်မတော်ကို ဘယ်လို လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တွေ ဘယ်လိုအနေအထား မျိုးထားမလဲပေါ့၊ လက်နက်ကိစ္စကို နောက်ဆုံးအဆင့်မှာထားတယ်၊ DDR ကျတော့ အရင်ဆုံး လက်နက်အပ် ရမယ် အဲ့တော့ အရင်ဆုံး လက်နက်အပ်ရမယ့်ကိစ္စကိုတော့ ကျနော်က လုံး၀ လက်မခံနိုင်ဘူး၊ ဒါ့ကြောင့်မိုလို့ အားလုံးညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပြီးမှ နောက်ဆုံးမှာ နိုင်ငံရေးအခြေအနေ တိုးတက်ကောင်း မွန်လာမည့် ဖက်ဒရယ်ဖြစ်လာမယ်ဆိုရင် လက်နက်ကအပ်ပါလို့ ပြောစရာမလိုဘူး အားလုံးဘယ်သူမှ လက်နက်ကိုင်ချင်တဲ့လူမရှိဘူး အဲ့အခါကြရင် အလိုအလျှောက် လက်နက်က အပ်ပြီးသား ဖြစ်ပါလိမ့်မယ်"
ဒီဆွေးနွေးပွဲကို NCA အပစ်ရပ်လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အပါအဝင် လက်မှတ်မရေးထိုးကြရသေးတဲ့အဖွဲ့တွေ၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA ကကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ဦးစီးအရာရှိတွေ အပါအဝင် ခေါင်းဆောင်ကိုယ်စားလှယ် ၅၀ နီးပါး တက်ရောက်ဆွေးနွေးနေကြပါတယ်။