ချင်းမိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ပြည်တွင်း UNA အဖွဲ့ တက်ရောက်မည်
2013.08.31
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပမယ့် နိုင်ငံရေး အကြိုဆွေးနွေးပွဲကို ပြည်တွင်း အခြေစိုက် UNA ခေါ် ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့က တက်ရောက်မယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို စက်တင်ဘာလ ၈ ရက်နေ့မှာ ချင်းမိုင်မြို့မှာ ကျင်းပမှာဖြစ်ပြီး UNA ကကိုယ်စားလှယ် နှစ်ဦး တက်ရောက်မယ်လို့ သိရပါတယ်။
အဲဒီ နိုင်ငံရေး အကြိုဆွေးနွေးပွဲကနေ ပင်လုံညီလာခံနဲ့ နိုင်ငံရေး အနှစ်သာရတူတဲ့ ညီလာခံမျိုး ကျင်းပလာနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း UNA အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကိုပြောပါတယ်။
“လာမည့်လ ၈ ရက်နေ့မှာ ချင်းမိုင်မှာကျင်းပမည့် UNFC နဲ့ ြပည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ အကြိုနိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ကျနော်တို့ကို UNA အဖွဲ့ရဲ့ကိုယ်စား လေ့လာသူအဖြစ် သူတို့ဖိတ်ကြားထားတာရှိတယ်၊ တကယ်လို့ ဒီအကြိုဆွေးနွေးပွဲမှာ အောင်မြင်သွားတယ်ဆိုရင်တော့ ရှေ့ဆက်ပြီး သူတို့ တဆင့်တက်ပြီးတော့မှ နိုင်ငံရေးဆိုင်ရာကိစ္စတွေကို ထဲထဲဝင်ဝင် ဆွေးနွေးနိုင်မယ်ပေါ့နော်၊ အဲဒီကနေမှတဆင့် ဒုတိယပင်လုံကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ပြီး တက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်စတဲ့ အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ထိုင်းမြန်မာနယ်စပ်မှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
UNA ခေါ် ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကို ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။