အစိုးရနဲ့ ကေအိုင်အို သဘောတူညီချက် ကုလသမဂ္ဂနဲ့ အမေရိကန်ကြိုဆို
2013.05.31

မြန်မာအစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်တွေရရှိတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။
ဒီသဘောတူညီချက်တွေကနေ ကချင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို နှစ်ဘက်စလုံးက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဘန်ကီမွန်း ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ကေအိုင်အိုနဲ့ အစိုးရကြား လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ (၇) ချက်ပါ သဘောတူညီချက်ဟာ ထူးခြားအရေး ပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အခြေခံကောင်းတစ်ရပ်အဖြစ် မစ္စတာ ဘန်ကီမွန်းက မှတ်ချက်ပြု ပြောဆိုကြောင်း သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ကေအိုင်အိုနဲ့ အစိုးရတို့ မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အပြုသဘောဆွေးနွေးပွဲကို ကြိုဆိုလိုက်ပြီး၊ အဲဒီေဆွးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက် (၇)ချက်ကို အားရမိကြောင်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
တချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ တခြားသော ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပေးနေရသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးကို စိုရိမ်ပူပန်ကြောင်း၊ သူတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ တခြားအရေးကြီးအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် သွားလာခွင့်ကို တားဆီးဟန့်တားခြင်းမပြုဖို့ တိုက်တွန်းလိုကြောင်းကိုလည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။