ယူကရိန်းနည်းတူ မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်း တိုက်တွန်း
မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အင်အားအလွန်အကျွံ အသုံးပြုတိုက်ခိုက်နေတာကြောင့် မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။
- 2022-03-25
-
-
-
မြန်မာပြည်သူတွေဟာ ယူကရိန်းပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနည်းတူ ခံစားနေရပြီး စစ်အာဏာရှင် စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ကြိုးပမ်းနေတဲ့မြန်မာပြည်သူတွေကိုလည်း နိုင်ငံတကာအနေနဲ့ အချိန်နဲ့ တပြေးညီ ထိရောက်စွာ ပံ့ပိုးကူညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
မတ်လ ၂၄ ရက်နေ့ကကျင်းပတဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ ၁၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ်အထူးအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း ပြောကြားခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အင်အားအလွန်အကျွံ အသုံးပြုတိုက်ခိုက်နေတာကြောင့် မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောခဲ့ပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ မြန်မာပြည်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အထူးလိုအပ်နေသူ ၆.၂ သန်းလောက် ရှိနေပြီး ပြည်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
ဦးကျော်မိုးထွန်းက ယူကရိန်းနိုင်ငံအပေါ် ရုရှားက တိုက်ခိုက်နေတာကို ချက်ချင်းရပ်တန့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။