ဦးကိုနီ အသတ်ခံရမှု ရုံးထုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားလိုဖြစ် တဲ့ လေဆိပ်တာဝန်ခံ ရဲအုပ်မိုးနိုင် ကို ဒီကနေ့ စတင်စစ်ဆေးတာဖြစ်ပါတယ်။
အခင်းဖြစ်ပွားချိန်က အသုံးပြုတဲ့ သေနတ်ကျည်ဆံနဲ့ လူသတ်တရားခံ ကြည်လင်း ဝတ်ဆင်ခဲ့တဲ့ အင်္ကျီတွေကို ရဲအုပ်မိုးနိုင်က သက်သေခံ တင်ပြတာဖြစ်တယ်လို့ ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တရားခံ အောင်ဝင်းဇော်ရဲ့ ရှေ့နေဖြစ်သူ ဦးအောင်ခိုင်က ပြောပါတယ်။
"ဒီနေ့က လေဆိပ်က တာဝန်ခံ နယ်မြေစခန်းမှူး ရဲအုပ် မိုးနိုင်ကို စစ်ပါတယ်၊ အဲဒီနေ့အချင်းဖြစ်တဲ့နေ့ သူက သေနတ်တို့ ကျည်ဆံတို့ ဦးကြည်လင်းရဲ့ ဝတ်ထားတဲ့အကျီၤတို့ ဦးကြည်လင်း လွယ်လာတဲ့ အိတ်ထဲမှာပါတဲ့ သက်သေခံပစ္စည်တွေပေါ့နော်"
ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုး တို့ ၄ ဦးစလုံးကို ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ် ၃၄ အားပေးကူညီမှု၊ ပုဒ်မ ၂၁၂ ပြစ်မှုကျူးလွန်သူကို ကူညီမှုတို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီအထဲက အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ကို လက်နက်မှုနဲ့ပါ တရားစွဲဆိုတာပါ။
ဒီကနေ့ ရုံးထုတ်မှာ သက်သေတယောက်ကို စစ်ဆေးပြီး နောက်တပတ်ရုံးချိန်မှာ နောက်ထပ် သက်သေတယောက် ကို ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။
တရားလွှတ်တော်ရှ့နေ ဦးကိုနီအမှုနဲ့ ပတ်သက်ပြီး သက်သေအယောက် ၈၀ လောက်ကို စစ်ဆေးသွားမှာဖြစ် ပါတယ်။
အမှုနဲ့အဓိက ပတ်သက်သူဖြစ်တဲ့ အောင်ဝင်းခိုင် ကိုတော့ အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။