သတင်းစာဆရာ၊ မဂ္ဂဇင်းအယ်ဒီတာ အဝကျွန်း ဦးချစ်မောင် ကွယ်လွန်
မြန်မာစာနယ်ဇင်းလောကမှာ ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အယ်ဒီတာချုပ်နဲ့ ထုတ်ဝေသူ၊ စာရေးဆရာ သတင်းစာဆရာ အဝကျွန်း ဦးချစ်မောင်ဟာ ဇူလိုင်လ ၁၉ ရက် ဒီကနေ့ နေ့လည် တစ်နာရီမှာ ရန်ကုန်မြို့က သူ့ရဲ့ စောင့်ကြည့်သတင်းဂျာနယ်တိုက် ရုံးခန်းထဲမှာပဲ ကွယ်လွန်သွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လို့ ယူဆရတဲ့ ရောဂါ လက္ခဏာတွေကို ဆယ်ရက်တာခံစားခဲ့ရပြီးနောက် ဒီကနေ့ ကွယ်လွန်သွားတာပါ။ ကိုဗစ်သံသယရှိလို့ အဝကျွန်း ဦးချစ်မောင်ရဲ့ ရုပ်အလောင်းကို ထိန်ပင်သုဿန်မှာ ဒီကနေ့ နေ့ချင်းသင်္ဂြိုဟ်လိုက်တယ်လို့ တပည့်ဖြစ်သူ ကိုမင်းဇာနည်က RFA ကို အတည်ပြုပြောပါတယ်။
" ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရလိုက်တဲ့အပြင် အခုကွယ်လွန်ချိန်မှာလည်း လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ လက်ရှိဖြစ်ပျက်နေတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ကျနော်တို့ အဆင်ပြေသလိုပဲ ဆရာရဲ့ နောက်ဆုံးခရီးကို စီစဉ်လိုက်ရပါတယ်။ ဆရာမရှိတာ ကျနော်တို့အတွက် ဆုံးရှုံးမှုက ပြောမပြတက်အောင်ပါပဲ" လို့ တပည့်ဖြစ်သူ ကိုမင်းဇာနည်က ပြောပါတယ်။
အဝကျွန်း ဦးချစ်မောင်ဟာ ၁၉၉၀၊ ၂ဝဝဝ ပြည့်နှစ်တွေက ထင်ရှားလူကြိုက်များခဲ့တဲ့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း တည်ထောင်သူဖြစ်ပြီး ၂၀ဝ၅ ခုနှစ်မှာ စောင့်ကြည့်သတင်းဂျာနယ် (News Watch) ကိုလည်း တည်ထောင်ခဲ့ပါတယ်။
အဝကျွန်း ဦးချစ်မောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စာရေးဆရာ သရဝဏ်(ပြည်)က "ချစ်တဲ့သူများ၊ခွဲခွာသွားတဲ့လ။ မုန်းတဲ့သူများ၊ ခွဲနိုင်ခဲတဲ့လ" လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားပါတယ်။
အဝကျွန်း ဦးချစ်မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်ပါတယ်။