ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၂ ဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ အမှုဖွင့်
2017.01.25

တပ်မတော်က ဖမ်းဆီးထားတဲ့ မုံးကိုးမြို့က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်နှစ်ယောက်ကို မနေ့ညက မူဆယ်ရဲစခန်းထံ လွှဲအပ်ခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)(၂)တို့နဲ့ အမှုဖွင့်ထားတယ်လို့ မူဆယ်ရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်နှစ်ယောက်ကို ခမရ ၉၉ က ဗိုလ်မှူးတစ်ယောက်က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁၊ ၁၇/၂ တို့နဲ့ အမှုဖွင့်ထားတယ်လို့ မူဆယ်ရဲစခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောတာဖြစ်ပါတယ်။
"သူတို့ကို ၁၇/၁၊ ၁၇/၂ ထုံးစံအတိုင်းပေါ့နော်။ သူတို့နဲ့ ဆက်သွယ်လို့ အဲဒီပုဒ်မတွေပေါ့။ တရားလိုက ခမရ ၉၉ က ဗိုလ်မှူးတစ်ယောက်လုပ်တာပါ။ ကျနော်တို့က ရမန်ယူပြီး တရားရုံးတင်ပေးလိုက်မှာပေါ့။ ရမန် တစ်ပတ်ပေါ့။ တစ်ပတ်ဆိုတော့ ၁၅ ရက်။ ၁၅ ရက်ပြည့်တာနဲ့ ကျနော်တို့က တရားရုံး တင်ပေးလိုက်မှာ"
ခရစ်ယာန် သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဓမ္မဆရာ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း မုံးကိုးမြို့ကို သတင်းလာယူတဲ့ သတင်းထောက်တွေကို လိုက်လံကူညီပို့ဆောင်အပြီးမှာ ပျောက်ဆုံးခဲ့ တာဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ သူတို့ကို ဖမ်းဆီးထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့နှစ်ယောက်ဟာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကို ငွေကြေး ကူညီထောက်ပံ့တာ၊ သတင်းပေးတာ၊ လူသစ်စုဆောင်းပေးတာ၊ မဟုတ်မမှန် ဝါဒဖြန့်တာတွေကြောင့် ဖမ်းဆီးတာလို့ ဖော်ပြခဲ့ပါတယ်။