စစ်ကောင်စီသတင်းပေး ၂၇ ယောက်ကို သတ်ခဲ့ကြောင်း မိုးကြိုးမုန်တိုင်းအဖွဲ့ ထုတ်ပြန်
အခုလ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ သုံးရက်အတွင်းမှာ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီသတင်းပေးသူ ၂၇ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ဇွန်လ ၂၃ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။
- 2021-06-24
-
-
-
အခုလ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ သုံးရက်အတွင်းမှာ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီသတင်းပေးသူ ၂၇ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ဇွန်လ ၂၃ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီသတင်းပေးတွေကို ရှင်းလင်းရာမှာ ဖြစ်စဉ် ၃၂ ခု ရှိတဲ့အနက် ၂၄ ခုကို ထိရောက်စွာဆောင်ရွက် နိုင်ခဲ့ပြီး၊ ကျန် ရှစ်ခုမှာတော့ သတင်းပေးသူဟာ ကလေးတွေ၊ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေနဲ့ နီးနီးကပ်ကပ်ရှိနေတာကြောင့် ခြောက်လှန့်ရုံသာ လုပ်ခဲ့တယ်လို့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ဆိုပါတယ်။
တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တာကြောင့် အရပ်စကားနဲ့ ဒလန်လို့ခေါ်တဲ့ စစ်တပ် သတင်းပေးတွေကို လိုက်လံရှင်းလင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“နယ်စည်းမခြား Page ကို ပေးပို့လာတဲ့ သတင်းအချက်လက်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေဆီက ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ပျူစောထီးကိုဖြစ်စေ၊ ဒလန်ကိုဖြစ်စေ သုတ်သင်တာဖြစ်တယ်။ နောက်တစ်ချက်က နစ်နာသူတွေက ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ပေးပို့ချက်တွေကို စိစစ်ပြီး သုတ်သင်တာ”
သူ့ရဲ့ပြောဆိုချက် အပါအဝင် စစ်တပ်သတင်းပေး ၂၇ ဦးကို သုတ်သင်ခဲ့တယ်ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့အတွက် စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။
ဇွန်လ ၁၂ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာတော့ “NLD ကို ထောက်ခံတဲ့ အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေဟာ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် အပစ်မဲ့ ပြည်သူ ၁၇၃ ဦးကို သတ်ဖြတ်ခဲ့တယ်၊ NLD၊ CRPH၊ NUG နဲ့ PDF တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ပြည်တွင်းမှာ အကြမ်းဖက်သောင်းကျန်းမှုတွေ ပိုများလာတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က စွပ်စွဲခဲ့ဖူးပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကတော့ “စစ်တပ်ကသာ မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ်၊ ပြည်သူလူထုက ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်အရ ပြန်လည်တိုက်ခိုက်တာဟာ တရားသောစစ်ဖြစ်တယ်” လို့ တုံ့ပြန်ပြောဆိုပါတယ်။
နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့ကို မတ်လ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ကို အခြပြုဆောင်ရွက်နေတာလို့ အဲဒီအဖွဲ့က ထုတ်ပြောထားပါတယ်။