ယာဉ်တိုက်မှုကြောင့် ဆယ်လအတွင်း လူ ၁၇၀၀ နီးပါး သေဆုံး
ယာဉ်တိုက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာအထိ လူ ၁၇၀၀ နီးပါး သေဆုံးပြီး ငါးထောင်ခန့် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်သတင်းစာတွေက နိုဝင်ဘာ ၂၂ ရက်က ဖော်ပြပါတယ်။
-
RFA Burmese
2024-11-25 -
-
-
နိုင်ငံတစ်ဝန်းမှာ ယာဉ်တိုက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း လူ ၁၇၀၀ နီးပါး (၁၆၇၆ ဦး) သေဆုံးပြီး ငါးထောင်ခန့် (၄၇၀၆ ဦး) ဒဏ်ရာရခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး စစ်ကောင်စီထိန်းချုပ် သတင်းစာတွေက နိုဝင်ဘာလ ၂၂ ရက်က ဖော်ပြပါတယ်။
ယာဉ်တိုက်မှုတွေထဲမှာ ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ယာဉ်တိုက်မှု ၃၂၃၄ ကြိမ် အထိ အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဟာ ၆၉၀ ကြိမ်အထိ ယဉ်တိုက်မှုဖြစ်ခဲ့ပြီး၊ ဧရာဝတီတိုင်းမှာတော့ ၄၈၇ ကြိမ်၊ ပဲခူးတိုင်းမှာ ၄၃၇ ကြိမ်၊ မန္တလေးတိုင်းမှာတော့ ၄၂၁ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၂၇၄ ကြိမ်နဲ့ မွန်ပြည်နယ်မှာ ၂၂၉ ကြိမ်အထိ ဖြစ်ခဲ့တာပါ။
မကြာခဏ ယာဉ်တိုက်မှုဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမမှာတော့ အရင်ကာလတွေထက် ယာဉ်စစ်ဆေးမှုတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းသူတစ်ဦးက RFA ကို ပြောပါတယ်။
"အဓိကကတော့ ယာဉ်အရှိန်စစ်တာပေါ့နော်။ ကီလိုကျော်မောင်းလား၊ သတ်မှတ် ကီလိုမောင်းလားဆိုတာ စစ်တာပါ။ ယာဉ်မောင်းအရက်သောက်လား။ ဒါမျိုးတွေ စစ်တာပေါ့နော်"
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု အကြိမ်ရေ လေးထောင်ကျော် ဖြစ်ခဲ့တာကြောင့် အခုနှစ်ထက်စာရင် အကြိမ်ရေ ရှစ်ရာနီးပါး လျော့ကျသွားတယ်လို့ စစ်ကောင်စီရဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ယာဉ်တိုက်မှုတွေ လျော့ကျစေဖို့အတွက် စစ်ကောင်စီရဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဲ့ အစီအမံ ငါးရပ်နဲ့ အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။