ထိပ်တန်းမြန်မာအထည်ချူပ် လုပ်သား ၂ဝဝ ကျော် လမ်းလျှောက်ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၂ဝဝ ကျော်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်မရ ရှိတာကြောင့် ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ်က ဗိုလ်စိန်မှန်ကွင်းကနေ တာမွေမြို့နယ် ကျိုက္ကဆံလူထု ဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
-
2016-01-07 -
-
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံက အလုပ်သမား ၂ဝဝ ကျော်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်မရရှိတာကြောင့် ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ်က ဗိုလ်စိန်မှန်ကွင်းကနေ တာမွေမြို့နယ် ကျိုက္ကဆံလူထုဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မမိုးစန္ဒာမြင့်က ပြောပါတယ်။
"အခုလိုဆန္ဒပြထုတ်ပြရခြင်းဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျမတို့ ၁၁ လပိုင်း လုပ်ခလစာ အပြည့်အဝရရှိရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီးမှ အမြန်ဆုံး ဆုံးဖြတ်ချက်ချပြီး ပေးဖို့ အတွက်ကို ကျမတို့က ထွက်ဆိုဆန္ဒ တောင်းဆိုရခြင်းပဲဖြစ်ပါတယ်၊ ဆုံးဖြတ်ချက်ကိုတော့ ရရှိခဲ့ပေမယ့် အလုပ်ရှင်အနေနဲ့ ခုံသမာဓိကောင်စီကို ဆက်တက်ဖို့အစီအစဉ်ရှိပါတယ်၊ သူကတက်မယ်ဆိုရင် ကျမတို့အလုပ်သမားတွေက အနောက်ကနေလိုက်ပြီးတော့ ကြားနာစစ်ဆေးဖို့ရှိပါတယ်၊ အဲ့ဒီအတွက် ကျမတို့ က ခုံသမာဓိဌာနက သက်ဆိုင်ရာ လူကြီးမင်းတွေအကုန်လုံးကိုလည်း ကျမတို့အမြန်ဆုံး လုပ်ခလစာရရှိရေး အတွက်ကို အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးစေလိုပါတယ်"
ဆန္ဒပြအလုပ်သမားတွေက မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ ခွင့်ပြုချက်တောင်းခံပေမယ့် မရတာကြောင့် ခွင့်ပြုမိန့်ပေးတဲ့ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်း ကနေ တာမွေမြို့နယ် ကျိုက္ကဆံလူထုဟစ်တိုင်အထိ လမ်းလျောက်ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အလုပ်ရှင်က သတ်မှတ်ထားတဲ့ အထည်အရေအတွက်ကို မမီလို့ဆိုပြီး နိုဝင်ဘာလ လစာကို လတစ်ဝက်စာ ၁၅ ရက်အတွက်သာ ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ခလစာအပြည့်ရရှိဖို့အတွက် အဲ့ဒီစက်ရုံမှာရှိတဲ့ အလုပ်သမား ၃ဝဝ ကျော်ထဲက ၂ဝဝ ကျော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်လောက်က အလုပ်ရှင် အလုပ်သမားအရေး ဖြေရှင်းပေးတဲ့ ခုံသမာဓိအဖွဲ့က ကြားဝင်ညှိနှိုင်းပေး ပြီး နိုဝင်ဘာလအတွက် တစ်လစာ အပြည့်ပေးဖို့ ဆုံးဖြတ်ပေးတာကို အလုပ်ရှင်က မလိုက်နာပဲ နေပြည်တော်က ခုံသမာဓိကောင်စီထံ အယူခံတက်မယ်လို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။