တအာင်းဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို THC ဖိတ်ခေါ်
TNLA ထိန်းချုပ်နယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ တတ်သိပညာရှင်တွေကို ဖိတ်ခေါ်တယ်လို့ THC က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-11-14 -
-
-
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ တတ်သိပညာရှင်တွေကို ဖိတ်ခေါ်တယ်လို့ တအာင်းဒေသ ကျန်းမာရေးကောင်စီ (THC) က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
THC အနေနဲ့ တအာင်းဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ကျန်းမာရေးမိသားစု - မန္တလေး (MFM)၊ နွေဦးတော်လှန်ရေးရဲ့ မိတ်ရင်း ကျန်းမာရေး တတ်သိပညာရှင်တွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အတူ လက်တွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေသအားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးယန္တရားကို တည်ဆောက်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်ချက်ရှိနေတယ်လို့ THC က ပြောပါတယ်။ TNLA လက်အောက်မှာရှိတဲ့ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်လိုတဲ့ ကျန်းမာရေးဆိုင်ရာ တတ်သိပညာရှင်တွေကိုလည်း ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၁၂ မြို့ကို TNLA က သိမ်းပိုက်ထားတာပါ။
အဲဒီမြို့တွေမှာ အရင်ကရှိတဲ့ စစ်ကောင်စီ ကျန်းမာရေးယန္တရားတွေ ရပ်တန့်သွားခဲ့ပြီး အဲဒီနေရာတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစားထိုး ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆေးဝါးလိုအပ်ချက်နဲ့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုကို ထိထိရောက်ရောက် လုပ်ဆောင်မပေးနိုင်သေးဘူးလို့ CDM ကျန်းမာရေးဝန်ထမ်းတချို့ က ပြောပါတယ်။
တအာင်းကျန်းမာရေးကောင်စီ (THC) ကို ကျန်းမာရေးမိသားစု - မန္တလေး (MFM)၊ CDM ကျန်းမာရေးဝန်ထမ်း တွေနဲ့ ပူးပေါင်းပြီး ၂၀၂၄ သြဂုတ်လ ၂၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။