မိုးကုတ်မြို့က စစ်ကောင်စီ တပ်စခန်းလေးခုကို TNLA သိမ်းယူ

မိုးကုတ်မြို့ အရှေ့ခြမ်းက စစ်ကောင်စီတပ်စခန်းလေးခုကို ဇူလိုင် ၁၈ ရက်မှာ သိမ်းယူခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။ Telegram/PSLF/TNLA News

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ခြမ်းက စစ်ကောင်စီတပ်စခန်းလေးခုကို ဇူလိုင်လ ၁၈ ရက်မှာ သိမ်းယူခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။

မိုးကုတ်တစ်မြို့လုံးကို သိမ်းယူနိုင်ဖို့ တပ်စခန်းလေးခုပဲ ကျန်တော့တယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။

“မိုးကုတ်တစ်ခုလုံးကိုလည်း ထိန်းချုပ်နိုင်ဖို့ဆိုရင် ဗျူဟာကုန်း တပ်စခန်း၊ လပခ/ခလရ (၇၁) (၈၈) ပူးပေါင်းတပ်စခန်းနဲ့ ခလရ (၁၄၈) တပ်စခန်းတွေ ကျန်ပါမယ်"

ရေကန်တောင်၊ တာဝါတိုင်နဲ့ ပတ္တမြားစေတီ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း တချို့လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့အနောက်ခြမ်းကို TNLA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပါတယ်။ လက်ရှိမှာ မြို့အရှေ့ဘက်ခြမ်းကို ဆက်ပြီး ထိုးစစ်ဆင်နေတာပါ။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ မန္တလေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးသိန်းဌေးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းပေါ်မှာ ရှိနေတဲ့ နောင်ချိုမြို့ကိုတော့ ဇူလိုင်လ ၁၀ ရက်နေ့မှာ TNLA ပူးပေါင်းအဖွဲ့က သိမ်းယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org