TNLA နဲ့ RCSS တပ်ဖွဲ့တွေ ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေရဆဲဟုဆို

UWSA၊ NDAA မိုင်းလား၊ KIA၊ SSPP စတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ တွေမှာ တရုတ်အစိုးရရဲ့ အကူအညီနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးတွေ ထိုးနေပြီဖြစ်ပေမယ့် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေမှာတော့ ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေရဆဲပဲလို့ TNLA နဲ့ RCSS ပြန်ကြားရေးတာဝန်ခံတွေက ပြောပါတယ်။

၂ဝ၂ဝ ခုနှစ် ကိုဗစ်ပထမလှိုင်းကာလTNLA ထိန်းချုပ်ရာနယ်မြေမှာ ကိုဗဈ-၁၉ ကာကွယ်တားဆီးရေးအတွက် ကိုယ်အပူချိန် တိုင်းတာနေစဉ်။ Photo: RFA

UWSA၊ NDAA မိုင်းလား၊ KIA၊ SSPP စတဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ တရုတ်အစိုးရရဲ့ အကူအညီနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးတွေ ထိုးနေပြီ ဖြစ်ပေမယ့် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေမှာတော့ ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေရဆဲပဲလို့ TNLA နဲ့ RCSS ပြန်ကြားရေးတာဝန်ခံတွေက ပြောပါတယ်။

TNLA တပ်ဖွဲ့ကို တရုတ်က ကာကွယ်ဆေးတွေ ပေးမယ်လို့ ပြီးခဲ့တဲ့လတွေက ပြောဆိုထားတာ ရှိပေမယ့် အခုထိတော့ မရသေးဘူးလို့ TNLA တပ်ဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာမိုးဟိန်းက ပြောပါတယ်။

TNLA ထိန်းချုပ်နယ်မြေအတွက် ကာကွယ်ဆေး သုံးသိန်းလောက်အထိ ရနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

TNLA ရဲ့ အဓိက ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ နမ့်ဆန်၊ မန်တုံမြို့နယ်တွေအတွင်းက ကျေးရွာတွေမှာ ကိုဗစ် ပထမလှိုင်း ဒုတိယလှိုင်းတွေ တုန်းကလိုပဲ အသွားအလာ ကန့်သတ်ထားပြီး လက်ရှိအချိန်အထိတော့ ရောဂါပိုးတွေ့သူ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် မြို့ပေါ်တွေမှာ ရောဂါပိုးတွေ့သူ ရှိနေပြီဖြစ်လို့ ကျေးရွာတွေဘက်ကိုလာတဲ့ လမ်းအားလုံးကို ထိန်းချုပ်ထားတယ်လို့ ဒုတိယဗိုလ်မှူးကြီး တာမိုးဟိန်းက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ကလည်း သူတို့ ထိန်းချုပ်နယ်မြေတွေမှာ ကာကွယ်ဆေးရဖို့ ကြိုးစားနေဆဲပဲလို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေ ဘယ်ကရနိုင်မလဲ ဆိုတာကိုတော့ လောလောဆယ်မှာ မပြောလိုသေးဘူးလို့ RCSS အဖွဲ့က ပြောပါတယ်။

သူတို့အနေနဲ့ လက်ရှိမှာ ကာကွယ်ဆေးရဖို့ ကြိုးစားနေပြီး ကာကွယ်ဆေးရခဲ့ရင် ဘယ်လိုထိုးမလဲ ဆိုတာကို ထုတ်ပြန်ပေးသွားမယ်လို့ RCSS ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းခမ်းစံက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org