နောင်ချိုနဲ့ ကျောက်မဲက စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းပိုက်

နောင်ချိုမြို့က စစ်ကောင်စီရဲ့ ခမရ (၁၁၄) နဲ့ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီစခန်းတစ်ခုတို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲမြို့နယ်က နောက်ထပ် စစ်ကောင်စီတပ်စခန်နှစ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့က စစ်ကောင်စီရဲ့ ခမရ (၁၁၄) နဲ့ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီစခန်းတစ်ခု စုစုပေါင်း စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ ခမရ (၆၀၆) တပ်စခန်းတစ်ခုသာ ကျန်ရှိပြီး အဲ့ဒီစခန်းကို TNLA နဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကျောက်မဲမြို့က ခမရ (၅၀၁) နဲ့ (၅၀၂) တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဘက်က လေကြောင်းကနေ လေးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နောင်ချိုမြို့ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ အပါအဝင် မြို့ပေါ်နေရာ အားလုံးနီးပါးကို TNLA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့က စပြီး ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေနဲ့ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့နယ်တွေကို TNLA နဲ့ မန္တလေးတိုင်း PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org