နမ့်ခမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းဆီးမိထားကြောင်း TNLA ထုတ်ပြန်
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါအဝင် အရာရှိတွေ သေဆုံးခဲ့သလို ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေကို ဖမ်းဆီးမိထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-12-16 -
-
-
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကူအင်အား ၁၀၀ နီးပါးကို လေကြောင်းကနေ ပို့ဆောင်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေရာမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါအဝင် အရာရှိတွေ သေဆုံးခဲ့သလို ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေကို ဖမ်းဆီးမိထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က နမ့်ခမ်းစခန်းသစ်ကုန်းမကျဆုံးဖို့ နမ့်ခမ်းမြို့နယ် နောင်ကောင်ကျေးရွာသချိုင်းကုန်းနဲ့ ကွန်လုံကျေးရွာဘောလုံးကွင်းထဲကို ရဟတ်ယာဉ်နဲ့ စစ်ကူအင်အား (၁၀၀) နီးပါးကို ဒီဇင်ဘာ ၁၂ ရက်နေ့က သုံးကြိမ်လာရောက်ပို့ဆောင်ခဲ့တာလို့ TNLA က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပို့ဆောင်လိုက်တဲ့ စစ်ကူတွေကို TNLA က ဒီရက်ပိုင်းထဲ လိုက်လံတိုက်ခိုက်ရာမှာ ဗိုလ်ကြီးအဆင့်ရှိသူတွေ သေဆုံးခဲ့သလို ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေနဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေများတယ်လို့ TNLA က ပြောပေမယ့် အရေအတွက်ကို ထည့်သွင်းပြောတာမရှိပါဘူး။
ဖမ်းဆီးမိသူတွေက အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇)၊ အမှတ် (၄၂၆) က ဗိုလ်မှူး စိုင်းကျော်သူအောင်၊ တပ်ကြပ်ကြီး မျိုးမင်းသန့်၊ တပ်သား အောင်မျိုးခိုင်နဲ့ ကောင်းထက်ဇော်တို့ ဖြစ်တယ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နမ့်ခမ်းက စခန်းသစ်ကုန်းမကျဆုံးဖို့ စစ်ကူတွေပို့ဆောင်နေသလို လက်နက်ကြီးနဲ့ တိုက်ခိုက်တာ လေကြောင်းအသုံးပြုတိုက်ခိုက်တာနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေကို နေ့စဉ်ဦးတည်ပစ်ခတ်နေတယ်လို့ TNLA က ပြောဆိုထားပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။ နမ့်ခမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
ဒီရက်ပိုင်းအတွင်း TNLA နဲ့ စစ်ကောင်စီကြား ရှမ်းပြည်နယ်အတွင်းက နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က ကျရောက်ခဲ့တဲ့ ၂၇၁၅ ကြိမ်မြောက် တအာင်းနှစ်သစ်ကူးနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပေးပို့တဲ့ သဝဏ်လွှာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်တူရေးအတွက် တအာင်းတိုင်းရင်းသားတွေက တိုက်ပွဲဝင်နေတာဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်ကို ချေမှုန်းနိုင်ပြီး တန်းတူညီမျှမှုအမြန်ဆုံးရဖို့ ဆန္ဒပြုတယ်လို့ ရေးသားထားပါတယ်။