စစ်ကောင်စီ တပ်စခန်းနှစ်ခုကို သိမ်းပိုက်လိုက်ကြောင်း TNLA ထုတ်ပြန်

ဒီစခန်းနှစ်ခု သိမ်းနိုင်ခဲ့သလို တိုက်ပွဲတွေက ဆက်ရှိနေဆဲပဲလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တိုက်ပွဲအတွင်း တွေ့ရစဉ်။ Photo: AFP

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေက နောက်ထပ် စစ်ကောင်စီစခန်း နှစ်ခုကို ဒီနေ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီစခန်းနှစ်ခု သိမ်းနိုင်ခဲ့သလို တိုက်ပွဲတွေက ဆက်ရှိနေဆဲပဲလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

"ဒီနေ့မှာ နောင်ချိုရှိ အုမ္မတီးစခန်းနဲ့ မိုးကုတ်ကျပ်ပြင် ရဲစခန်းနှစ်ခုကို သိမ်းနိုင်ခဲ့ပါတယ်။ ထုတ်ပြန်ထားတဲ့အတိုင်း တိုက်ပွဲနေရာကတော့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါ တိုက်ပွဲဖြစ်နေတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစတဲ့ ၁ဝ၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် သုံးရက်အတွင်း နောင်ချို၊ မိုးကုတ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ ဒီနေ့ အရပ်သား ကိုးဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွေးယေဦးက ပြောပါတယ်။

နောင်ချိုမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့တော့ အတည်မပြုနိုင်သေးဘူးလို့ သူက ပြောပါတယ်။ ဒီစစ်ဆင်ရေးသုံးရက်အတွင်းမှာ စစ်ကောင်စီ တပ်စခန်း ၂၆ ခုကို TNLA က သိမ်းပိုက်ထားပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ချခဲ့တယ်လို့ TNLA က ဇွန်လ ၂၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org