TNLA အဖွဲ့ ခရီးသွားယာဉ်တွေကို ငွေကောက်ခံနေ
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဒီကနေ့ မနက် ၆ နာရီလောက်ကစပြီး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာလယ်နဲ့ မူဆယ်မြို့အထွက် နမ့်အွမ်ကျေးရွာတွေမှာ ငွေကောက်ခံနေတယ်လို့ သိရပါတယ်။
-
2018-09-29 -
-
-
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဒီကနေ့ မနက် ၆ နာရီလောက်ကစပြီး ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ် မန်ပြိန်းရွာလယ်နဲ့ မူဆယ်မြို့အထွက် နမ့်အွမ်ကျေးရွာတွေမှာ ငွေကောက်ခံနေတယ်လို့ သိရပါတယ်။
ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေတဲ့ ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေ ခရီးသွားကားတွေကို ကားအမျိုးအစားပေါ်မူတည်ပြီး ကားသေးဆိုရင် ငွေကျပ်တစ်သိန်း၊ ကားလတ်နဲ့ ကားကြီးတွေကို ငွေကျပ် သုံးသိန်းကနေ ငါးသိန်းအထိ ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
TNLA အခွန်ဌာနက တစ်နှစ်စာ ဘီးလှိမ့်ခွန် ကောက်ခံတာဖြစ်ပြီး ငွေပေးပြီးသား ကားတွေအနေနဲ့ ဖြတ်ပိုင်းပြရင် ငွေထပ်ပေးဖို့ မလိုဘူးလို့ အဲဒီလို ငွေကောက်ခံရာမှာပါဝင်တဲ့ TNLA အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ခရီးသွားတဲ့ ကားသမားတွေထဲက ငွေအပြည့်အ၀ မပေးနိုင်သေးတဲ့သူတွေ ရှေ့ဆက်သွားလို့မရဘဲ ကားတွေ ရပ်ထားရတာကြောင့် အခက်ခဲရှိနေတယ်လို့ ပြောကြပါတယ်။
ဒါအပြင် ဒီနေ့နေ့လယ် ဆယ့်နှစ်နာရီအချိန်အထိ သိန္နီ တိုးဂိတ်နဲ့ ကွတ်ခိုင် တိုးဂိတ် မူဆယ် အထွက်တွေမှာ ခရီးသည်တင်ကားတွေ ကုန်တင်ကားတွေ ပိတ်ဆို့နေပါတယ်။ ကွတ်ခိုင်နဲ့ မူဆယ် လမ်းပိုင်းတလျှောက် တိုက်ပွဲဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေပြီး ခရီးသွားတွေအနေနဲ့ သတိထားသွားလာဖို့ လိုအပ်နေပါတယ်။