လားရှိုးဟိုတယ်တွေကို ဆက်ကြေး ကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟို တယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စိစစ်နေတယ်လို့ တာ ဝန်ရှိသူက ပြောပါတယ်။

TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် Photo: Kan Thar/ RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟိုတယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စိစစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှာ ပျံနှံနေတဲ့ လားရှိုးမြို့ ဟိုတယ်တွေထံ အခွန် ကောက်ခံတဲ့စာမှာ TNLA အဖွဲ့ရဲ့ တံဆိပ်တုံးတွေ၊ ခေါင်းစီးလည်း မပါတဲ့အပြင် စာရဲ့အောက်မှာ လက်မှတ်ထိုးထားတဲ့ နာမည်နဲ့ အဖွဲ့ဝင် လည်း မရှိတာကြောင့် TNLA အနေနဲ့ စိစစ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါ တယ်။

"လားရှိုးမြို့မှာက မနေ့က ဖေ့ဘုတ်စ်ပေါ်မှာ စာတော့တွေ့တယ်။ ဒါပေမဲ့ အဲ့စာက ကျွန်တော်တို့ တံဆိပ်တုံးလည်းမပါဘူး။ Letter Head လည်းမပါဘူး။ ကျနော်တို့ ပြန်ပြီးစိစစ်နေပါတယ်။ ဒီလိုနာမည်နဲ့မတွေ့ရဘူး။ အဲ့လိုနာမည်နဲ့ "

အခွန်တောင်းခံစာတွေကြောင့် လားရှိုးမြို့လုံခြုံရေးအတွက် မြို့အဝင်ထွက်တွေမှာ စစ်ဆေး ဆောင်ရွက် နေတယ် လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောပါတယ်။

"ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ မြို့အဝင်ထွက်တွေမှာ အားလုံးပိတ်ဆို့ ရှာဖွေနေတာ ၈ နေရာမှာလုပ်နေပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်လှည့်ကင်း၊ မော်တော်ဆိုင်ကယ် လှည့်ကင်း၊ ခြေလျင်လှည့်ကင်း၊ အရပ်ဝတ်စောင့်ကြည့်အဖွဲ့များ ချထားပြီးတော့မှ အထူးသဖြင့် ဟိုတယ်တွေကို စောင့်ကြည့်လုံခြုံရေးတာဝန်ယူမှုတွေ လုပ်နေပါတယ်ခင်ဗျ။ ဟိုတယ်မှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့မှ ။ ကျန်တာတော့ မြို့တမြို့လုံးကို လှည့်ကင်းယာဉ်တွေနဲ့ လှည့်ပတ်ပြီးတော့မှ စောင့်ကြည့်နေပါတယ်ခင်ဗျ"

ပလောင်လွတ်မြောက်ရေးတပ်ဦး လားရှိုးလှုပ်ရှားမှုအဖွဲ့ အခွန်ဦးစီးဌာနဆိုပြီး လားရှိုးမြို့ပေါ်က ဟိုတယ်တွေကို အခွန်တောင်းခံတဲ့စာတွေ ပို့ထားတယ်လို့ အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံ့ နေတာဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသအတွင်းမှာ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေ ၊ ရင်းနှီးမြုပ်နှံတာတွေလုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ PSLF/TNLA အခွန်ဦးစီးကနေ ကောက်ခံတဲ့ရန်ပုံငွေ ထည့်မှသာ လုပ်ငန်း ဆောင်ရွက် ခွင့် နဲ့ လိုအပ် တဲ့ စောင့်ရှောက်တာတွေကို လုပ်ပေးမှာဖြစ်တယ်လို့ အဲ့ဒီစာမှာ ပါရှိပါတယ်။

အဲဒီအခွန်ငွေကို ဒီနေ့ မေလ ၂၅ ရက်နေ့ နောက်ဆုံး ထား ပေးသွင်း ရမှာဖြစ်ပြီး တကယ်လို့ ရန်ပုံငွေ မထည့်ဘူး ဆိုရင် လိုအပ် တဲ့ စောင့်ရှောက်မှုတွေ လုပ်ပေးမှာမဟုတ်တဲ့အကြောင်းနဲ့ သတင်း ပေါက်ကြားခဲ့ရင် နောက် ဆိုးကျိုးပြဿနာတွေကို မဖြစ်ပွားအောင် အထူးသတိပြုရန်ဆိုပြီး ရေးသား ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org