အပစ်ရပ်ကြေညာပြီး ၃ ရက်အကြာ ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရွှေမော်ကျေးရွာနားတစ်ဝိုက်မှာ တပ်မတော်စစ်ကြောင်းနဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးယူထားတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရွှေမော်ကျေးရွာနားတစ်ဝိုက်မှာ တပ်မတော်စစ်ကြောင်းနဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လိုက်ပါတယ်။

TNLA သတင်းပြန်ကြားရေးဌာနကတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တည်ရှိရာ တပ်စခန်းနေရာဆီ မြန်မာစစ်တပ် တပ်မ ၁၁၊ ခမရ ၂၁၉ က ထိုးစစ်ဆင် လှုပ်ရှားလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်မတော်စစ်ကြောင်းဟာ ဒီဇင်ဘာလ ၂၃ ရက် မနေ့ညပိုင်းက ရွှေမော်ရွာမှာ ညအိပ်ပြီး မနက်ပိုင်း အဲဒီရွာကနေ ပြန်အထွက်မှာ နှစ်ဖက်တပ်တွေ ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေက ပြောကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာက တောထဲမှာဖြစ်တဲ့အတွက် ဒေသခံတွေအပေါ် ထိခိုက်တာတွေ မရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကွတ်ခိုင်မြို့နယ် ရွှေမော်ရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်သလို ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"ရွှေမော်ဖက်ကလူတွေ မေးကြည့်တော့ဟုတ်တယ်တဲ့။ ဒီမနက်တုန်းက ထိတွေ့တိုက်ပွဲဖြစ်ကြတယ်ပေါ့ ဒါပေမဲ့ ရွာထဲမှာတော့မဟုတ်ဘူးတဲ့။ TNLA ကလည်း ရွာတွေထဲရှောင်တာပေါ့နော်။ စစ်တပ်ကလည်း သူတို့လှုပ်ရှားလာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ စစ်ပွဲဖြစ်ကြတာတဲ့။ တမင်သက်သက် ခြုံခိုတိုက်ခိုက်ကြရင်းနဲ့ဖြစ်ကြတာမဟုတ်ဘဲ သူတို့သွားရင်းနဲ့ဖြစ်ကြတာပေါ့"

တပ်မတော်စစ်ကြောင်းဟာ ကွတ်ခိုင်မြို့နယ် ရွှေမော်ရွာထဲမှာ တနင်္ဂနွေ ညနေပိုင်းလောက်က ရောက် လာကြပြီး ညအိပ်ရပ်နားခဲ့ပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ရွာနေဆက်လက်ထွက်ခွာသွားကြရာ တစ်မိုင်လောက်အကွာ တောထဲမှာ TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ရွှေမော်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

"ပလောင်တပ်ကတော့ နဂိုက ဒီမှာရှိတာပေါ့လေ ရှိတာတော့ ရွာမှာတော့မဟုတ်ဘူးပေ့ါ၊ တောမှာပေါ့ ရွာနဲ့အထက် တစ်မိုင်အကွာလောက်မှာပေါ့လေ။ လမ်းမှာ ပလောင်တွေက ဗမာတပ်မတော်တက်လာ တဲ့အခါ ပစ်တာပေါ့။ ခဏလေးပါပဲ ပြန်ဆုတ်သွားတာပေါ့လေ။ ဒီဘက်ကလည်းပြန်ဆုတ်သွား ရပ်နား လိုက်တာပေါ့လေ။ ပလောင်အဖွဲ့ကလည်း ပြန်ဆုတ်သွားတော့ ရပ်ကွက်လည်း မထိခိုက်ဘူး၊ ရွာသား လည်းမထိခိုက်ဘူး၊ နွား၊ ကျွဲတွေလည်း မထိခိုက်ဘူး၊ ဘယ်သူမှ မရှိတဲ့နေရာမှာဖြစ်တာလေ။ တနင်္ဂနွေ ညတော့ ရွာထဲမှာအိပ်တာပေါ့လေ သူတို့ထွက်သွားတဲ့အခါ ရွာနဲ့ တစ်မိုင် အကွာလောက်မှာ ဟိုကောင် တွေက ပစ်တာပေါ့လေ"

TNLA ဘက်ကတော့ သူတို့တပ်စခန်းရှိရာကို မြန်မာစစ်တပ်က လာတိုက်လို့ အခုလို တိုက်ပွဲဖြစ်ပွားရတာလို့ သတင်းထုတ်ပြန်ပါတယ်။

TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က တိုက်ပွဲဖြစ်ပွားရတာနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

"ကွတ်ခိုင်မြို့နယ် ရွှေမော်ကျေးရွာအထက်မှာ ကျနော်တို့ တောတွင်းစခန်းနေရာရှိတယ် ဖြစ်ပွားရ တဲ့အကြောင်းရင်းကတော့ မြန်မာ့တပ်မတော်က တက်လာတော့ ကျနော်တို့က ပြန်လည်ပြီးတော့ ခုခံတာဖြစ်ပါတယ်"

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ AA ၊TNLA နဲ့ MNDAA တို့က နိုင်ငံရေးနည်းလမ်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် သွားမယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားသလို အဲဒီကြေညာချက်ကိုလည်း အစိုးရငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံတယ်ဆိုပြီး အဲဒီနေ့ရက်စွဲနဲ့ ကြေညာချက်ကို ပြန် လည် ထုတ်ပြန်ထားတာပါ။

ဒီကနေ့ မနက်ပိုင်း ကွက်ခိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ဆီ ဖုန်းနဲ့ဆက်သွယ်မေးမြန်းကြည့်ပေမယ့် ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။

ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုင်းစစ်ဌာနချုပ် ၅ ခုတို့မှာ လာ မယ့် ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမယ်လို့ ကြေညာချက်ထုတ် ပြန်အပြီး ၃ ရက်မြောက်နေ့မှာ အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှာ စစ်ဆင်ရေးတွေ မရှိတော့ဘဲ NCA  လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးညှို နှိုင်းမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကွတ်ခိုင်မြို့နယ်ဟာ ရှမ်းပြည်မြောက်ပိုင်းဒေသဖြစ်တဲ့အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်န ယ်မြေ ထဲမှာ ဖြစ်ပါတယ်။ အဲဒီနယ်မြေထဲမှာ KIA ကချင်လွတ်မြောက်ရေးအဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့ နဲ့ MNDAA ကိုးကန့်အဖွဲ့တို့ လှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။

တပ်မတော်ဘက်က သက်ဆိုင်ရာ စစ်ဌာနချုပ်နယ်မြေတွေမှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထား မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ဒေသခံတိုင်းရင်းသားတွေ ဝမ်းသာနေကြချိန် အခုလိုနောက်ထပ် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org