TNLA နဲ့ တပ်တိုက်ပွဲ ဒေသခံနှစ်ဦး လက်နက်ကြီးစထိမှန်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအုပ်စုအတွင်း တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲကြောင့် ဒေသခံအမျိုးသမီး နှစ်ဦး လက်နက်ကြီးစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲကြောင့် လက်နက်ကြီးစ ထိမှန်ခဲ့တဲ့ ကလေးတစ်ဦးကို ၂ဝ၁၉ အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - မိုင်းမိုင် - ကွတ်ခိုင်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအုပ်စုအတွင်း တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲကြောင့်  ဒေသခံအမျိုးသမီး နှစ်ဦး လက်နက်ကြီးစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မော်ဟန်ကျေးရွာအုပ်စု နမ့်ဟွေကျေးရွာ၊ မရူဖတ်ကာကျေးရွာ အနီးတဝိုက်မှာ အောက်တိုဘာ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး မရူဖတ်ကာရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘယ်အဖွဲ့ကပစ်တဲ့ လက်နက်ကြီးလဲဆိုတာကိုတော့ မသိရသေးပါဘူး။

လက်နက်ကြီးကျတာကြောင့် နမ့်ဟွေ၊ မရူဖတ်ကာ၊ နောင်ဆန့်ကျောင်ခွန် စတဲ့ ကျေးရွာ လေးရွာက လူဦးရေ ၂၈၀ ကျော်ဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာက ကချင်ဘုရားကျောင်းတွေမှာ တိမ်းရှောင်နေကြပါတယ်။

ကချင်နှစ်ချင်းအသင်းကျောင်းနဲ့ကက်သလစ်ကျောင်းတွေမှာ နေရာချထားပေးတယ်လို့ မော်ဟန် အသင်းတော်ကျောင်းက သင်းအုပ်ဆရာ စိုင်းအောင် က RFA ကို ပြောပါတယ်။

မထွက်ပြေးဘဲ ကျေးရွာတွေမှာ ကျန်နေတဲ့ ရွာသားတွေလည်း ရှိပါတယ်။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာရင် ဒုက္ခသည်အရေအတွက် တိုးလာနိုင်တယ်လို့ သင်းအုပ်ဆရာ စိုင်းအောင်က ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ရက်တွေမှာ တပ်မတော်ဘက်က တာမိုးညှဲဗျူဟာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ကြားရသလို ကွတ်ခိုင်မြို့ကနေလည်း လက်နက်ကြီး အသံတွေကို ကြားနေရတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ထွက်ပြေးလာသူတွေအတွက် ဆန်နဲ့စားစရာတွေ လိုအပ်နေပြီး ဒီကနေ့ဆိုရင် လားရှိုးနဲ့ ကွတ်ခိုင်မြို့က လူမှုကူညီရေးအဖွဲ့တွေက စားစရာတွေ ထောက်ပံ့ပေးထားပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာလည်း ကွတ်ခိုင်နဲ့ တာမိုးညဲလမ်းပိုင်းမှာ တိုက်ပွဲဖြစ်တဲ့ အသံတွေကိုကြားနေရပြီး နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲသံတွေငြိမ်နေတယ်လို့ သင်းအုပ်ဆရာ စိုင်းအောင်က ပြောပါတယ်။

တပ်မတော်နဲ့TNLA တပ်ဖွဲ့ဟာ အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့အဝင် လွိုင်ဆမ်ဆစ်တောင်ခြေနဲ့ မန်နောင်ကျေးရွာတဝိုက် တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org