ဘုံရည်မှန်းချက်ပြည့်ဖို့ ဆက်လုပ်မယ်လို့ ညီနောင်သုံးဖွဲ့ပြော

RFA Burmese
2023.12.12
ဘုံရည်မှန်းချက်ပြည့်ဖို့ ဆက်လုပ်မယ်လို့ ညီနောင်သုံးဖွဲ့ပြော စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့မှာ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။
Myanmar Military

ပြည်သူတွေလိုလားတဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တွေ့ဆုံမှုရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့က သတင်းတွေထွက်လာပြီးနောက် အခုလိုထုတ်ပြန်လာတာပါ။

လတ်တလောပေါ်ထွက်နေတဲ့ သတင်းတွေအပေါ်လည်း စိုးရိမ်ပူပန်မှုမရှိစေဖို့ ညီနောင်မ ဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို မျိုးဆက်အလိုက် ခံလာရတဲ့ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို လျစ်လျူရှုသွားမှာ မဟုတ်သလို နောက်ပြန်လှည့်သွားမှာမဟုတ်ဘူးလို့ လည်း ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ရည်မှန်းချက်အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဆိုပေမယ့် ရည်မှန်းချက်အလုံးစုံပြည့်ဝဖို့ ဆက်တိုက်ပွဲဝင်နေဦးမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ် အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေမှာ ပြောခဲ့ပါတယ်။

ဆွေးနွေးချက်အသေးစိတ်ကို ထုတ်ဖော်ပြောဆိုကြတာမရှိသေးပေမယ့် ဒီဇင်ဘာလကုန် အထိ အပစ်အခတ်ရပ်စဲဖို့ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီဇင်ဘာလကုန်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ နောက်တစ်ကြိမ် တွေ့ဆုံမှုရှိတယ်လို့ လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ တစ်လကျော်အတွင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေ ဘက်က စစ်ကောင်စီတပ်စခန်း ၂၈၀ နီးပါးနဲ့ မြို့တချို့ကို သိမ်းယူထားနိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။