အရှေ့တီမောသံတမန် နှင်ထုတ်ခံရတဲ့အပေါ် NUG တုံ့ပြန်

နိုင်ငံအာဏာကို တရားမဝင်ရယူထားတဲ့ စစ်ကောင်စီအနေနဲ့ သံတမန်ရေးကိစ္စရပ်တွေမှာ ဆုံး‌ဖြတ်ပိုင်ခွင့်မရှိဘူးလို့ NUG ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

အရှေ့တီမော သမ္မတ Jose Ramos-Horta နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က အရှေ့တီမောနိုင်ငံ ဒီလီမြို့တော်ရှိ သမ္မတနန်းတော်တွင် တွေ့ဆုံခဲ့ကြစဉ်။ Presidência da República Democrática de Timor-Leste

ရန်ကုန်မြို့အခြေစိုက် အရှေ့တီမောနိုင်ငံသံရုံး သံတမန်ကို စစ်ကောင်စီက နှင်ထုတ်တဲ့လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတုံ့ပြန်လိုက်ပါတယ်။

နိုင်ငံအာဏာကို တရားမဝင်ရယူထားတဲ့ စစ်ကောင်စီအနေနဲ့ သံတမန်ရေးကိစ္စရပ်တွေမှာ ဆုံး‌ဖြတ်ပိုင်ခွင့်မရှိဘူးလို့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

အရှေ့တီမောနိုင်ငံရဲ့ ရပ်တည်ချက်ကို စံနမူနာထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း အရှေ့တီမောလို ရပ်တည်သင့်တယ်လို့ NUG က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အရှေ့တီမောဟာ အကြမ်းဖက်အဖွဲ့လို့ ကြေညာခံထားရတဲ့ NUG နဲ့ ဆက်ဆံဆွေးနွေးနေတာကြောင့် သံတမန်ကို နှင်ထုတ်တာလို့ ပြောထားပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့နောက်ဆုံးထားပြီး အရှေ့တီမောသံတမန် သူ့နိုင်ငံကို ပြန်ရမှာဖြစ်ပြီး ဘယ်လောက်ကြာကြာနှင်ထုတ်လဲဆိုတာ စစ်ကောင်စီဘက်က မပြောပါဘူး။

အရှေ့တီမောကတော့ သံတမန်နှင်ထုတ်ခံရပေမဲ့ မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်မှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့ လက်ရှိအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org