သစ်အချောထည်စက်ရုံ အလုပ်သမားတွေ နစ်နာကြေးပြင်ပေးဖို့တောင်းဆို

အောင်စိန်လင်းကုမ္မဏီပိုင် သစ်အချောထည်စက်ရုံက အလုပ်သမားတွေကို လုပ်ငန်းလိုအပ်ချက်မရှိတော့တဲ့အတွက်ဆိုကာ အလုပ်ထုတ်လိုက်လို့ အလုပ်သမားတွေက ဒီကနေ့ မနက်ပိုင်းမှာ တောင်းဆိုမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

2011.12.14
factory_workers_305_z.jpg ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အောင်စိန်လင်းကုမ္မဏီပိုင် သစ်အချောထည်စက်ရုံဟာ တောင်ဒဂုံစက်မှုဇုန် (၁) ၂၃ ရပ်ကွက် အမှတ် ၈၅ တောင်ကြီးလမ်းနဲ့ ယောက်ကော် လမ်းထောင့်မှာ ရှိပါတယ်။ အလုပ်သမား ၂၂ ဦးကို ကုမ္မဏီက ဒီဇင်ဘာ ၁၀ ရက်က အလုပ်ဖြုတ်လိုက်ပြီး ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့မှာ နစ်နာကြေးငွေ ပေးဆောင်တဲ့ ကိစ္စနဲ့ပတ်သက်လို့ မကျေနပ်ရာက တောင်းဆိုမှုပြုတာလို့ လုပ်သက် ၁၄ နှစ်ရှိ အလုပ်သမားတစ်ဦးက အာရ်အက်ဖ်အေကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့ ဒီနေ့မနက်ကတော့ သူတို့က ငွေထုတ်ပြီး ၄ နာရီဆို ကျွန်တော်တို့က အပြီးထွက်ပေးပေါ။့ သူတို့စာအရဆိုရင် နောက်တစ်ခုက ကျွန်တော်တို့ လျော်ကြေးပေးထုတ်တဲ့အတွက် ၆ လစာအပြင် လုပ်သက်တစ်နှစ်ကို တစ်ထောင်နှုန်းနဲ့ ဒီလိုပေးမယ်ဆိုပြီး သူတို့က လုပ်တယ်။ ဒီပေါ်မှာ ကျွန်တော်တို့က မကျေနပ်လို့ ဒီအချက်ကလေးကို ညှိပေးဖို့ ပြောတာပါ။ စက်ရုံဝင်းထဲမှာပါပဲ။ ကျွန်တော်တို့ အော်လည်းမအော်ပါဘူး။ ဆူလည်းမဆူပါဘူး။ ကျွန်တော်တို့က ဥပဒေအတိုင်း ဖြစ်စေချင်တာပါ”

ကုမ္မဏီက လုပ်သက်ခံစားခွင့် တစ်နှစ်ကို ကျပ်တစ်ထောင်နှုန်းပေးတာ နည်းလွန်းတဲ့အတွက် ညှိနှိုင်းပေးဖို့ တိုင်းအဆင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနကို ဒီဇင်ဘာ ၁၂ ရက်က အလုပ်သမားတွေ စုပေါင်း စာရေးသားတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

တောင်ဒဂုံမြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအေးဝင်းခိုင်နဲ့ တောင်ဒဂုံ အလုပ်သမား ညွန်ကြားမှုဦးစီးဌာနက အရာရှိ ဦးစောစိုးတင့်နဲ့ တာဝန်ရှိသူတွေက အောင်စိန်လင်းကုမ္မဏီပိုင်း သစ်အချောထည်စက်ရုံကို သွားပြီး လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကြား ညှိနှိုင်းဆောင်ရွက်ပေးပေမယ့် လုပ်ငန်းရှင်က တိုးမပေးနိုင်ကြောင်း ပြောဆိုတာနဲ့ပတ်သက်လို့ စောစောက အလုပ်သမားက ဆက်ပြောပါတယ်။

“မြို့နယ်စစ်ဆေးရေးအဖွဲ့က ကျွန်တော်တို့အဖွဲ့တွေကို ခေါ်ပြီးပြောပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာ ဥပဒေဘောင်ထဲမှာမရှိဘူးပေါ့။ လုပ်ငန်းရှင်ဘက်က မပေးနိုင်ရင် မင်းတို့ ဘာမှ မရဘူးပေါ့။ အခုလက်ရှိ သူတို့ပေးထားတာ ဥပဒေနဲ့အညီပေးထားတာ၊ အဲဒါပဲရမယ် သူတို့က ပြောပါတယ်။ ဒါ ကျွန်တော်တို့ မယူဘူးဆိုပြီး လက်ရှိအချိန်ထိ ထိုင်နေတယ်ပေါ့”

လုပ်သက်ခံစားခွင့်ပေးတာ နည်းလို့ တောင်းဆိုနေတဲ့ အလုပ်သမား ၂၂ ယောက်ဟာ အောင်စိန်လင်းကုမ္မဏီပိုင် သစ်အချောထည်စက်ရုံမှာ ၇ နှစ်က ၁၄ နှစ်အထိ အလုပ်လုပ်ခဲ့တဲ့သူတွေဖြစ်ပြီး လုပ်သက် ၂ နှစ်ကို တစ်လစာနှုန်းပေးဖို့ တောင်းဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။