ကလေးမြို့မှာ PDF ဘက်က CDM ရဲတစ်ဦးအပါအဝင် သုံးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့ကြတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ရဲဝန်ထမ်း ကိုဇော်မျိုး ထွဋ် (ခ) ဖက်တီး အပါအဝင် ကိုသိန်းထိုက်အောင်နဲ့ ဒေသခံ ဦးကျော်ဌေး တို့ သုံးဦး ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါ တယ်။
- 2021-09-27
-
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြတဲ့ အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ရဲဝန်ထမ်း ကိုဇော်မျိုးထွဋ် (ခ) ဖက်တီး အပါအဝင် ကိုသိန်းထိုက်အောင် နဲ့ ဒေသခံ ဦးကျော်ဌေး တို့ သုံးဦး ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။
ကိုဇော်မင်းထွဋ် (ခ) ဖက်တီးနဲ့ ကိုသန်းထိုက်အောင် ရုပ်အလောင်းကို ကလေးမြို့နဲ့ သုံးမိုင်ခန့်ဝေးတဲ့ သာစည်သုသာန်အနားမှာ တွေ့ခဲ့တာဖြစ်ပြီး ဦးကျော်ဌေး အလောင်းကိုတော့ သာစည်ရွာအနားက လယ်ကွင်းထဲမှာ တွေ့ခဲ့တာလို့ သာစည်ရွာ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဒီနေ့မနက်က သင်္ဂြိုဟ်လိုက်တာ ၁၂ နာရီခွဲလောက်မှ ပြီးတယ်၊ PDF လို့ ပြောလို့ရတဲ့ နှစ်ဦးကိုတော့ သင်္ဂြိုဟ်ပြီးတော့မှ အရိုးပြာ အုတ်ဂူလုပ်တယ်၊ ဦးလေးကြီး တစ်ယောက်ကတော့ စစ်သားတွေလာပြီ ပြောလို့ မိုးရေထဲမှာ ပြေးလွှားနေရတာကြောင့် မြေပဲမြှုပ်လိုက်တော့တယ်” လို့ ဒေသခံက ဆိုပါတယ်။
ဒေသခံ ဦးကျော်ဌေးက လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့ နှစ်ဦး ကတော့ မျက်နှာနဲ့ ကျောပြင်တွေမှာ ထိုးကြိတ်ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေအပြင် ခေါင်းမှာ သေနတ်ဒဏ်ရာပါ တွေ့ခဲ့ရတယ်လို့ ဒီကနေ့ သာစည်ရွာသုသာန်မှာ သင်္ဂြိုဟ်စဉ် ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။
CDM ရဲ ကိုဇော်မျိုးထွဋ် (ခ) ဖက်တီးနဲ့ ကိုသိန်းထိုက်အောင်တို့ဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖြစ်ပြီး ဦးကျော်ဌေးကတော့ အရပ်သားဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့မှာ စက်တင်ဘာလ ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက်အတွင်း ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ သာစည်၊ ချင်းဆိုင်နဲ့ လေးအိမ်စု စတဲ့ရွာတွေအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးခဲ့တယ်လို့ ကလေးကာကွယ်ရေးအဖွဲ့ဘက်က သတင်းထုတ်ပြန် ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။