ငွေသုံးရာ ခိုးမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကလေးတွေ လွတ်မြောက်
2017.09.29

ဘုရားအလှူခံပုံးထဲကနေ ကျပ်ငွေ ၃၀၀ ကျပ် ယူခဲ့တဲ့အတွက် ခိုးမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကလေး ၃ ယောက်ကို စွဲချက်မတင်သင့်ဘူးဆိုပြီး တောင်ဒဂုံမြို့နယ် ဥပဒေရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားပြီလို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
ဥပဒေရုံးက အခုလို ဆုံးဖြတ်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ကလေးသုံးယောက်အမှုဟာ အောက်ခြေမှာ ပြီးသွားရမယ့် ကိစ္စဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
"ကျန်တဲ့တရားလိုရဲ့အပိုင်းကတော့ အစ်ကိုလည်း မသိဘူးပေါ့၊ ဒါကတော့ သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ ဥပဒေဘောင်ထဲကနေပြီးတော့ ကလေးတွေကို ဒီပုဒ်မတွေနဲ့ ဒီစွဲချက်တွေ တင်ရန်မသင့်ပါဆိုပြီးတော့ ဥပဒေရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ်မှာကိုတော့ အစ်ကိုတို့က ဝမ်းသာတယ်၊ ကြိုဆိုတယ်၊ ပြည်သူတွေ အားလုံးဟာလည်းပဲ ဒီအမှုဟာ ဒီလိုပဲဖြစ်ရမှာပဲဆိုတဲ့ တပြိုင်တည်းအတွေးတွေ အဲဒီလိုမျိုး ထင်မြင် ချက်တွေပေးကြပါတယ်၊ အမှန်ဆိုရင် ဒီအမှုဟာ ဒီအထိတောင်တက်လာစရာ အကြောင်းမရှိဘဲနဲ့ အောက်ခြေမှာတင် ကလေးကို ပြောဆိုဆုံးမလို့ ပြီးမယ့်ဟာတစ်ခုကို ဒီအထိတက်လာတယ်ဆိုတဲ့ဟာ လည်းပဲ တောင်ဒဂုံအနေနဲ့ဟာလည်း ဥပဒေစိုးမိုးမှုမှာ အားနည်းတယ်၊ ယိမ်းယိုင်တယ်ဆိုတဲ့ဟာကို ပြသတယ်ဆိုတဲ့အနေနဲ့ ဝေဖန်မှုတွေရှိနေပါတယ်၊ သို့သော်လည်းပဲ အလိုမျိုး ဥပဒေရုံးကနေပြီးတော့ စွဲချက်တင်ရန်မသင့်လို့ ဆုံးဖြတ်ချက်အပေါ်မှာတော့ ထပ်မံပြီးတော့ ပြည်သူတွေက ကြိုဆိုကြပါတယ်"
လွတ်မြောက်လာတဲ့ ကလေး ၃ ယောက်ကို စာမေးပွဲ အစားထိုး ဖြေဆိုနိုင်အောင် ဆောင်ရွက်ထားတယ် လို့လည်း ဦးညီညီက ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က တောင်ဒဂုံမြို့နယ် အောင်ဗောဓိ ဆုတောင်းပြည့်စေတီတော်မှာရှိတဲ့ အလှူခံပုံး တစ်ခုက ငွေကျပ် ၃၀၀ ကျပ်ကို ယူတယ်ဆိုပြီး ၃ တန်း ကလေးနှစ်ယောက်နဲ့ ၅ တန်း ကလေးတစ်ယောက်ကို အောင်ဗောဓိ ဘုရားဂေါပကအဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ဒဂုံတောင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ တာ ဖြစ်ပါတယ်။
ကလေးတွေကို အမှုဖွင့်တိုင်ကြားလိုက်တဲ့အတွက် စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တို့မှာ တောင်ဒဂုံမြို့နယ် ပြည်သူတွေက တောင်ဒဂုံမြို့နယ်မှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပြီး နောက်မှာတော့ မြို့နယ်ဥပဒေရုံးက စွဲချက်မတင်ဖို့ အခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။