ကွယ်လွန်ပြီး ၂၈ ဦးကို ရည်စူး ရဲဘော်သုံးကျိပ်မိသားစုများ အလှူလုပ်

ရဲဘော်သုံးကျိပ်ထဲက ကွယ်လွန်ပြီး ၂၈ ဦးကို ရည်စူးပြီး ရဲဘော်သုံးကျိပ်ဝင် ၉ ဦး ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ် မိသားစုများ သာရေးနာရေးအဖွဲ့က ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံမှာ မနေ့က အလှူအတန်း ပြုခဲ့ပါတယ်။

2011.12.27
thirty-comrades-305 ရဲဘော်သုံးကျိပ်ဝင် အချို့။ ။(ရှေ့တန်း)- ဗိုလ်ဇေယျ၊ ဗိုလ်အောင်၊ နဂါအိ၊ ဗိုလ်တေဇ၊ ဗိုလ်မိုးကြိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်လရောင်။ (အလယ်တန်း)- ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းရောင်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်စောနောင်၊ ဗိုလ်ကျော်ဇော။ (နောက်တန်း)- ဗိုလ်တာရာ၊ ဗိုလ်မင်းခေါင်၊ ဗိုလ်လင်းယုန်၊ ဗိုလ်ဇင်ယော်၊ ဗိုလ်ဗလ၊ ဗိုလ်ရဲထွဋ်။
Archive Photo

ရဲဘော်သုံးကျိပ် သွေးဖောက် သစ္စာပြုခဲ့တဲ့ နှစ်လည် အထိမ်းအမှတ် အဖြစ် ရဲဘော်သုံးကျိပ်ဝင် ၉ ဦးဟာ လွန်ခဲ့တဲ့ ၂၈ နှစ်က သာရေးနာရေး အဖွဲ့ ဖွဲ့ခဲ့တယ်လို့ သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ရဲ့သား ဦးကျော်ကျော်က အာရ်အက်ဖ်အေကို ပြောပါတယ်။

“၃ဝ မှာ ၂၁ ယောက်လည်းသေရော ၉ ယောက်ပဲ ကျန်တော့တယ် လေ။ ဗိုလ်ဗလတို့ ဗိုလ်ရန်နိုင်တို့ အဖေတို့။ ကျန်တဲ့ ၉ ယောက်ကနေပြီး လုပ်ရအောင်ဆိုပြီး ကောက်လုပ်လိုက်တာ။ ၉ ယောက်မှာ အခု ၂ ယောက်ပဲ ကျန်တယ်၊ ၇ ယောက် သေသွားပြီပေါ့။ အဖွဲ့လေး ဖွဲ့မယ် ဆိုပြီးတော့ ဖွဲ့ခဲ့တာ၊ သေလို့ရှိရင် တယောက်နဲ့တယောက် ကူရအောင်၊ မသေခင်လည်း ကူရအောင်ဆိုပြီး။ ဒီနေ့ အဲဒါ ဆုံးသွားတဲ့သူတွေကို ရည်စူးပြီးတော့ အမျှပေးပြီးတော့ ဇီဝိတဒါန ဆေးရုံမှာ ဆွမ်းကပ် အလှူလုပ်တာ”

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဂျပန်စစ်ပညာတော်သင် မျိုးချစ်လူငယ် ၃ဝ ဟာ အင်္ဂလိပ်လက်အောက်က ပြန်လည် လွတ်လပ်ရေးကို တိုက်ခိုက်ယူဖို့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွေးဖောက် သစ္စာဆိုခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ကို ဖွဲ့စည်းပါတယ်။

ဒီအထဲက အငယ်ဆုံးဖြစ်သူ ဗိုလ်ရဲထွတ်ဟာ အခုအခါ အသက် ၈၉ နှစ်အရွယ် ရှိပြီး နောက်ထပ် သက်ရှိထင်ရှား ကျန်နေသူ အသက် ၉၂ နှစ်အရွယ်ရှိ ဗိုလ်ကျော်ဇော (ခေါ်) ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နေထိုင်လျက် ရှိပါတယ်။

မနေ့က အလှူမှာ ဗိုလ်ဇေယျမိသားစု၊ ဗိုလ်လက်ျာ မိသားစု အပါအဝင် ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေနဲ့ ပရိသတ် ၂ဝဝ ခန့် တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။

ရဲဘော်သုံးကျိပ် သွေးသစ္စာပြုခဲ့တာ မနေ့က နှစ်ပေါင်း ၇ဝ ပြည့်ခဲ့ပြီး ရဲဘော်သုံးကျိပ် မိသားစုများ သာရေးနာရေးအဖွဲ့ကို ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။