ထိုင်းနိုင်ငံ နာနတ်သီးစက်ရုံ အလုပ်သမားတွေ အလုပ်ပိတ်သဖြင့် အခက်အခဲတွေ့

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆူဖန်ဘူရီမြို့မှာရှိတဲ့ Agro-Pineapple Processing (APP) နာနတ်သီး စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား(၁၁၁)ယောက်တို့ဟာ အလုပ်ရှင်က အလုပ် (၃)ရက် ပိတ်မယ်ပြောပြီး ပိတ်ထားတာ (၁၀)ရက် ကျော်လာတဲ့အပြင်၊ ပတ်စပို့စ်တွေလည်း သိမ်းထားပြီး လုပ်ခလစာတွေလည်းမရရှိလို့ စားရေးသောက်ရေး အခက်တွေ့နေရတယ်လို့ သိရပါတယ်။

2012.12.19

ပဲခူးတိုင်းဇာတိ အလုပ်သမားအများစုပါဝင်တဲ့ ဒီအလုပ်သမားတွေဟာ မြဝတီမြို့ကနေ ဦးရွှေထွန်းဆိုသူ ဦးစီးတဲ့ ထွန်းရတနာထွန်းကုမ္ပဏီနဲ့ MOU စာချုပ်ချုပ်ဆိုပြီး လွန်ခဲ့တဲ့ (၄)လက ဒီစက်ရုံမှာ သွားရောက်အလုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၈)ရက်နေ့ကတည်းက အလုပ်စပိတ်ထားပြီး ပြီးခဲ့တဲ့လဝက်စာ လုပ်အားခတွေလည်း ထုတ်မပေးသေးဘူးလို့ အလုပ်သမားတဦးဖြစ်တဲ့ ကိုတင်အောင်စိုး ကပြောပါတယ်။

" ပိတ်တုန်းက (၃)ရက်ပဲဆိုပြီးတော့ အခု (၁၀)ရက်ကျော်သွားပြီ၊ နောက်လည်း ၁လ ထပ်ပိတ်မယ်လို့ကြားတယ်၊ အဲဒီရှေ့လက ကျနော်တို့ မပိတ်ခင်က တလစာ ပိုက်ဆံလည်း ထုတ်မပေးသေးဘူး၊ ဒီပိတ်ထားတဲ့ရက်မှာ ကျနော်တို့မှာ စားဖို့သောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေကြတာပေါ့၊ ဘယ်အကူအညီတောင်းလို့ တောင်းရ မှန်းလည်းမသိဘူး ကျနော်တို့မှာ ပြောင်းရွှေ့လို့လည်းမရဘူး သွားလာလို့လည်းမရဘူး ပတ်စပို့စ်တွေကို ကုမ္ပဏီက သိမ်းထားတယ်၊ ဘေးစက်ရုံကို ပြောင်းရမယ် လို့လည်း ပြောတယ်၊ ဘေးစက်ရုံပြောင်းရမယ်ဆိုတာ ကျနော်တို့စာအုပ်တွေလည်း အခုထိ ထုတ်မပေးဘူး ဘယ်ကိုပြောင်းရမယ် မှန်းလည်း မသိဘူး၊ ပိုက်ဆံလည်း အခုလက်ရှိ မထုတ်ပေးသေးတဲ့အတွက် ကျနော်တို့မှာ သွားလို့လာလို့လည်းမရဘူး အဆက်အသွယ်လည်း လုပ်လို့မရဘူးပေါ့"

အလုပ်သမားတွေက  သူတို့စာချုပ်ချုပ်ဆိုလာခဲ့တဲ့ ကုမ္ပဏီကို ဖုန်းဆက်သွယ်ပေမယ့်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိဘူးလို့ ပြောပါတယ်။

သူတို့မှာအရင်က အကြွေးမှတ်ပြီး အစားအသောက်ယူလို့ရတဲ့ ဈေးဆိုင် ရှိပေမယ့် အခုတော့ လုပ်အားခမရလို့ အကြွေးတွေ မပေးနိုင်လို့ ဈေးမတင်နိုင် ဖြစ်နေတယ်လို့လည်း နောက်အလုပ်သမားတဦးဖြစ်တဲ့ ကိုဌေးလင်းကလည်း ပြောပါတယ်။

" ကျနော်တို့ ဒီနားမှာ ဗမာဆိုင်ရှိတယ် ဝဏ္ဍ (အလုပ်ကြပ်) ပေါ့နော်၊ အဲ့ဒီဆိုင်မှာ အကြွေးယူစားရတယ်ဗျ အခုကြတော့ စက်ရုံက ပိုက်ဆံမထုတ်တော့ ဆိုင်ကလည်း ဈေးတွေဘာတွေလည်း သိပ်မတင်နိုင်တော့ဘူးပေါ့လေ မပေးချင်တဲ့ သဘောမျိုးတော့ မဟုတ်ဘူးပေါ့နော် သူလည်းဝဏ္ဍဆိုတော့ သူလည်းမတင်နိုင်ဘူး၊ ကိုယ်တွေကိုလည်း နောက်ဆုံးပြောရင်တော့ မတင်နိုင်တော့ဗျာ အားလုံးအတွက် အဆင်မပြေနိုင်ဘူးပေါ့နော်”

ဒီစက်ရုံမှာ အလုပ်သမားတွေအထဲမှာ တဝက်ခန့်က အမျိုးသမီးတွေ ဖြစ်ကြပြီး   လုပ်အားခတနေ့ ၂၃၃ ဘတ်ရရှိပြီး အချိန်ပိုကြေးအဖြစ် တစ်နာရီ(၄၃)ဘတ်ရရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။