ထိုင်းနယ်စပ် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းကို KNLA နဲ့ PDF တွေသိမ်းပိုက်
ဒီတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၄၈ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး၊ ၂ဝ ကျော် သေဆုံးသွားတယ်လို့ ပြောပါတယ်။
-
RFA Burmese
2024-05-26 -
-
-
ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ဖိုးချီးမူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ အဲဒီတိုက်ပွဲမှာပါခဲ့တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖိုးချီးမူးစခန်းဟာ စစ်ကောင်စီရဲ့ စကခ ၁၃ လက်အောက်ခံ ခလရ ၅၅၇၊ ခမရ ၅၆၁ နဲ့ အမြောက်တပ် ၃၉၉ တို့ အထိုင်ချတဲ့ အင်အားကြီးစခန်းဖြစ်ပြီး ကရင်နဲ့ ထိုင်းနယ်စပ်တလျှောက် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး ရန်အောင်ဆိုသူအပါအဝင် စစ်ကောင်စီတပ်သား ၄၈ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ စစ်သား ၂ဝ ကျော် သေဆုံးသွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
တိုက်ပွဲအတွင်း လက်နက်အလက် ၅ဝ ကျော်သိမ်းဆည်းရမိခဲ့ပြီး၊ နောက်ထပ် စစ်ကောင်စီတပ်သား ၂၆ ယောက် ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
တစ်ပတ်လောက်ကြာတဲ့ ဒီစခန်းသိမ်းတိုက်ပွဲအတွင်း PDF တွေဘက်က ဒရုန်းသုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း MI 35 တိုက်လေယာဉ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံနှစ်ဦး သေဆုံးပြီး PDF တစ်ဦး ဒဏ်ရာရသွားတယ်လို့လည်း ပြောပါတယ်။
ဖိုးချီးမူးစခန်း အသိမ်းခံရတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းဆီ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က စစ်တပ်စခန်းတွေဖြစ်တဲ့ ရေသလျှောက်စခန်း၊ မဲသရောထစခန်းနဲ့ ကွီလုံတိုင်စခန်းတွေနဲ့ အခုနောက်ဆုံးလက်ကျန် ဖိုးချီးမူးစခန်းကိုလည်း သိမ်းနိုင်ပြီဖြစ်တာကြောင့် ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်တလျှောက်ကို KNLA နဲ့ PDF တွေဘက်က နယ်မြေစိုးမိုးထားပြီလို့လည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။