ယူပြီးသားဗီဇာရက်ချိန်း ပယ်ဖျက်တာကို လက်မခံကြောင်း ထိုင်းသံရုံးထုတ်ပြန်

RFA Burmese
2024.05.06
ယူပြီးသားဗီဇာရက်ချိန်း ပယ်ဖျက်တာကို လက်မခံကြောင်း ထိုင်းသံရုံးထုတ်ပြန် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်မှ ထိုင်းသံရုံးတွင် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 11:40 AM May 7,2024

မသမာသူတွေက ဗီဇာရက်ချိန်းနေရာတွေ ရောင်းစားနေတာကြောင့် ဗီဇာရက်ချိန်း ပယ်ဖျက်တဲ့စနစ်ကို မေလ ၇ ရက် ဒီနေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ပတ်စ်ပို့စ်နံပါတ်အမျိုးမျိုး၊ နာမည်အတုအမျိုးမျိုး အသုံးပြုပြီး မသမာတဲ့နည်းလမ်းတွေနဲ့ ရက်ချိန်းနေရာများစွာကို ရယူထားပေမယ့် ရက်ချိန်းနေ့မှာ ရောက်မလာသူတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် မေလ ၇ ရက်နေ့ နောက်ပိုင်းကစပြီး ဗီဇာရက်ချိန်းယူသူတွေအနေနဲ့ ရက်ချိန်းပယ်ဖျက်လို့ ရတော့မှာမဟုတ်တာကြောင့် ရက်ချိန်းမယူခင် အသေအချာ စဉ်းစားကြဖို့လည်း ထိုင်းသံရုံးက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဗီဇာရက်ချိန်းအတွက် ကြိုတင်စာရင်း ပေးနိုင်တဲ့ရက်ကို အရင်က ရက်ပေါင်း ၃၀ ပေးခဲ့ပေမယ့် အခုတော့ ၁၄ ရက်အထိ လျှော့ချလိုက်တယ်လို့လည်း ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်ကောင်စီဘက်က အသက်သွင်းပြီးနောက် ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ထွက်ခွာသူတွေ များပြားလာတာကြောင့် ဗီဇာရက်ချိန်းကို အွန်လိုင်းစနစ်နဲ့ ပြောင်းလဲခဲ့တာပါ။

အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘဲ ဗီဇာရက်ချိန်းကို ပြန်လည် ပယ်ဖျက်ကြသူတချို့လည်း ရှိခဲ့ပါတယ်။

(မှတ်ချက်။ မူလသတင်းခေါင်းစဉ် “ထိုင်းသံရုံးက ဗီဇာရက်ချိန်း ပယ်ဖျက်တဲ့စနစ် ရပ်ဆိုင်း” အစား “ယူပြီးသားဗီဇာရက်ချိန်း ပယ်ဖျက်တာကို လက်မခံကြောင်း ထိုင်းသံရုံးထုတ်ပြန်”ဟု ပြင်ဆင်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။