ရွှေတွင်းတွေ ဖယ်ရှားပေးဖို့ တောင်းဆို
2017.04.28

Photo: Thant Zin Oo/RFA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာအချို့မှာ လုပ်ကိုင်နေတဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ဆိုပြီး ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံထဲမှာ ဒေသကောင်း ကျိုး လိုလားသူများအဖွဲ့က ဆန္ဒပြတောင်းဆိုကြပါတယ်။
သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ သတ္တုရုံးရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေပေမယ့် ယနေ့အထိ ဖြေရှင်းပေး တာမရှိတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ကြီး ကပြောပါတယ်။
"ဝန်ကြီးချုပ်ကနေပြီးတော့ သူအမြန်ဆုံး ဒါတွေကိုစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီးတော့ စီစဉ်ဆောင်ရွက်ပြီး အမြန်ဆုံးလုပ်ပေးပါမယ်လို့ အကြိမ်ကြိမ်ပြောပြီးတော့မှ အဲဒီသူပြောတဲ့နေ့ဟာ ၁၄ ရက် ၃ လ ၂ဝ၁၇ က အခု ၂၈ ရက် ၄ လတောင်ရောက်သွားပြီ၊ ဒါပေမဲ့ ဒီကနေ့အချိန်ထိတော့ ဘာသံမှမကြားရသေးဘူး"
ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေ ထိခိုက်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သြင်္ကန်မတိုင်ခင် က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကိုလည်း အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုစာတွေ ပေးပို့ထားတယ်လို့ ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျကျေးရွာ၊ ချောင်းကြီးကျေးရွာနဲ့ ရေထွက်ကျေးရွာအပါအဝင် ကျေးရွာတော်တော် များများမှာရှိတဲ့ လယ်မြေတွေနဲ့ ခြံမြေတွေပေါ်မှာ မြန်မာနိုင်ငံသားပိုင်နဲ့ တရုတ်နိုင်ငံသားပိုင် ရွှေတူးဖော်ရေး ကုမ္ပဏီတွေက ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အဲဒီလို လယ်ယာမြေတွေထဲမှာ ဝင်ရောက်လုပ်ကိုင်တဲ့ ရွှေတူးဖော်လုပ်ငန်းပေါင်းဟာ ၈၂ ခုထိရှိတယ်လို့ ကျေးရွာ သားတွေထံက သိရပါတယ်။