သုံးနှစ်အတွင်း လူဦးရေ တဝက် မိုဘိုင်းဖုန်း သုံးစွဲနိုင်မည်
2013.09.29
လာမယ့် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းကျရင် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲသူအရေအတွက် ငါးဆကျော် တိုးတက်လာမှာဖြစ်ပြီး၊ ဒါဟာ တိုင်းပြည်ရဲ့ လူဦးရေတဝက်လောက် မိုဘိုင်းဖုန်း သုံးစွဲလာနိုင်ကြမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ နော်ဝေး Telenor ကုမ္ပဏီက ခန့်မှန်းပြောဆို လိုက်ပါတယ်။
Telenor ဟာ မြန်မာနိုင်ငံ တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေးအတွက် မကြာခင်က လေလံအောင်ခဲ့တဲ့ ကုမ္ပဏီ နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။
လေလံအောင်ပြီးတဲ့နောက် တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခွင့် လိုင်စင်ကို ဒီနှစ်ကုန်ပိုင်းမှာ ချပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း၊ လိုင်စင်ရပြီးရင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ရှစ်လ ကိုးလလောက်အတွင်း စတင်မှာဖြစ်ကြောင်း နော်ဝေး Telenor ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
ဆက်လက်ပြီး လက်ရှိ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲသူ အရေအတွက်ဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိနေပါတယ်၊ အချိန်တိုအတွင်း ဒီကိန်းဂဏန်းဟာ သိသိသာသာ မြင့်တက်လာမှာပါ၊ လုပ်ငန်းတွေစတင်ပြီး သုံးနှစ်အကြာမှာ မိုဘိုင်းဖုန်း သုံးစွဲသူ အရေအတွက်ဟာ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း လောက် ဖြစ်လာအောင် ရည်မှန်း စီစဉ်ထားပါတယ် လို့လည်း Telenor ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ဆိုပါတယ်။
လာမယ့် ၂၀၂၀ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ Telenor ကုမ္ပဏီရဲ့ ရောင်းအား ၈ ရာခိုင်နှုန်းမြင့်တက်လာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရေးအတွက် အစိုးရက တင်ဒါလေလံခေါ်ယူခဲ့ ရာမှာ ကမ္ဘာ့နာမည်ကျော် ကုမ္ပဏီကြီး ကိုးခုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ အဲဒီ ကုမ္ပဏီကြီး ကိုးခုထဲက နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီနဲ့ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီတို့ တင်ဒါ အောင်မြင်ခဲ့ကြပါတယ်။