တယ်လီဂရမ် ထူထောင်သူ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်အစိုးရ ဖမ်းထား
တယ်လီဂရမ် Social Media တည်ထောင်သူလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်နိုင်ငံအဝင် လေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
-
RFA Burmese
2024-08-26 -
-
-
တယ်လီဂရမ် Social Media တည်ထောင်သူလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ပါဗယ်ဒူရော့ဗ် (Pavel Durov) ကို ပြင်သစ်နိုင်ငံအဝင် လေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ဒူဘိုင်းမြို့မှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ပြင်သစ်နဲ့ ရုရှားနိုင်ငံသားဖြစ်တဲ့ ပါဗယ်ဒူရော့ဗ် ဟာ အဇာဘိုင်ဂျန်ကနေ ပြင်သစ်နိုင်ငံကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဆင်းသက်ချိန် Paris-Le Bourget လေဆိပ်မှာ ဩဂုတ် ၂၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
ပါဗယ်ဒူရော့ဗ် ကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပြင်သစ်အာဏာပိုင်တွေဘက်က ဩဂုတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်လာဖို့ ရှိတယ်လို့ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနကို ပြောတဲ့အကြောင်း ဖော်ပြထား ပါတယ်။
သူ တီထွင်ထားတဲ့ တယ်လီဂရမ်မှာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အကြမ်းဖက်မှုဆိုင်ရာတွေနဲ့ လိမ်လည်မှုတွေကို ပါဗယ်ဒူရော့ဗ် အနေနဲ့ တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ပါဗယ်ဒူရော့ဗ် ဟာ တယ်လီဂရမ် ကို ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ရုရှားနိုင်ငံရဲ့ Social Media တစ်ခု ဖြစ်တဲ့ VK ကိုလည်း ၂၀၀၆ ခုနှစ်မှာ တည်ထောင်ခဲ့သူဖြစ်ပြီး VK ကို နောက်ပိုင်ရှင်တစ်ဦးဆီ ရောင်းချထား တာ ဖြစ်ပါတယ်။
ရုရှားအစိုးရက အတိုက်အခံအင်အားစုတွေကို အသုံးပြုခွင့်မပေးဖို့ တောင်းဆိုတာကို ငြင်းဆန်ခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ ရုရှားကနေ ထွက်ခဲ့တာပါ။
အသုံးပြုသူ တစ်ဘီလီယံနီးပါးရှိတဲ့ တယ်လီဂရမ် အပလီကေးရှင်း ဟာ ရုရှား၊ ယူကရိန်းနဲ့ အရင် ဆိုဗီယက်ပြည်ထောင်စုမှာပါတဲ့ နိုင်ငံတွေတင်မကဘဲ မြန်မာနိုင်ငံမှာပါ နာမည်ကြီးပြီး လူသုံးများတဲ့ ဆိုရှယ်ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။