တိုက်ပွဲကြောင့် တီးတိန် နာတန့်ရွာက လူ ၅၀၀ ကျော် ထွက်ပြေးနေရ

ချင်းပြည်နယ် တီးတိန်မြို့ ထေးဇန်အုပ်စု နာတန့် (Na tang) ရွာမှာ ဇန်နဝါရီလ ၁၂ ရက်မနေ့ကနေ ၁၃ ရက် ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF zoland)၊ CDM Siyin ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၅၀၀ နီးပါး ထွက်ပြေးနေရတယ် လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

တီးတိန်မြို့နယ် နာတန့်ရွာမှာ မီးလောင်နေတာကို ၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်က တွေ့ရစဉ် Photo: CJ

ချင်းပြည်နယ် တီးတိန်မြို့ ထေးဇန်အုပ်စု နာတန့် (Na tang) ရွာမှာ ဇန်နဝါရီလ ၁၂ ရက်မနေ့ကနေ ၁၃ ရက် ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF zoland)၊ CDM Siyin ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၅၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်မြိို့ကိုသွားတဲ့ ကားလမ်းဘေးက ထေးဇန်အုပ်စုထဲမှာ ဒေသခံ ၁၀၀၀ ကျော်ရှိတဲ့အနက် တိုက်ပွဲတွေကြောင့် တစ်ဝက်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတာလို့ ဒေသခံတွေကဆိုပါတယ်။

ဇန်နဝါရီလ ၁၃ ရက် ဒီနေ့တိုက်ပွဲဖြစ်ပြီးချိန်မှာတော့ နာတန့် (Na tang ) ရွာက နေအိမ် ၂ လုံးကို စစ်ကောင်စီ တပ်သားတွေက မီးရှို့ခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ အဲဒီနားမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်၊ စစ်ကောင်စီတပ်သား ငါးဦးလောက် ဒဏ်ရတယ်လို့ သိရတယ်၊ အခု စစ်ကောင်စီတပ်သားတွေက ထေးဇန်အထက်ပိုင်း နာတန့်ရွာမှာ နေအိမ်တွေ စတင်မီးရှို့နေတယ်” လို့ဆိုပါတယ်။

နေအိမ်အချို့ကို စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်လို့ ဒေသခံတွေ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇန်နဝါရီလ ၁၂ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ယာဉ်တန်း ၄ စီးဟာ အိမ်စီးကားတွေနဲ့ ရောနှောပြီး ချင်းပြည်နယ်ဘက်ကို တက်လာပြီးနောက် ညပိုင်းမှာတော့ ထေးဇန်အုပ်စုထဲမှာ တပ်စွဲထားတယ်လို့ ဒေသခံ တွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org