ကျောင်းဆရာ ဈာပန လူပေါင်း ငါးထောင်ပို့


2017.01.20
aungzintun-teacher-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖြစ်ရွာမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းရဲ့ ဈာပနကို ဇန်နဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ်
.

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖြစ်ရွာ အလယ်တန်းကျောင်းက သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဆရာ ဦးအောင်ဇင်ထွန်းရဲ့ ဈာပနကို ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ အပါအဝင် ဒေသခံပြည်သူ ငါးထောင် ဝန်းကျင် ဒီကနေ့ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

ဆရာ ဦးအောင်ဇင်ထွန်းရဲ့ အသုဘကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ဖားကန့်ဒေသခံ ဦးတင်လှိုင်က အခုလို ကျောင်းဆရာ တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် ဆရာ၊ ဆရာမတွေရော ဒေသခံတွေပါ စိုးရိမ်ထိတ်လန့်နေကြတယ် လို့ ပြောပါတယ်။

"အဖြူစင်ဆုံးပေါ့လေ လူမျိုးမရွေး၊ ဘာသာမရွေးကို ပညာတွေသင်ပေးနေတဲ့ ကျောင်းအုပ်ဆရာကို လုပ်ကြံသွားတာတော့ စိတ်လည်းမကောင်းဘူး၊ ဆပ်စပ်ပြီးတော့မှ သင်ကြားရမယ့်အပိုင်းတွေပါ သူတို့ အနှောက်အယှက်ဖြစ်တယ်လို့ ပြောတာတော့ကြားတယ်ခင်ဗျ၊ တော်တော်လေးကို စိုးရိမ်ကြတာပေါ့ဗျာ၊ အများနဲ့ဆက်ဆံနေရတဲ့ ဆရာ၊ ဆရာမတွေအတွက် အန္တရာယ်ရှိတယ်လို့ သူကမြင်တယ်တဲ့ခင်ဗျ"

မိုးညှင်းမြို့နယ် ဟိုပင်မြို့ဇာတိ ဆရာ ဦးအောင်ဇင်ထွန်းရဲ့ ဈာပနကို တက်ရောက်လာတဲ့ ဆရာဆရာမတွေက ရင်ဘတ်မှာ အနက်ရောင် ဖဲကြိုးတွေ တပ်ဆင်ပြီး ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

ဆရာ ဦးအောင်ဇင်ထွန်း ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဆိုင်ကယ်စီးသေနတ်သမား ၃ ဦးက နမ့်မဖြစ်ရွာ အလယ်တန်းကျောင်းကနေ တာဝန်ချိန်အတွင်း ခေါ်ဆောင်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး နမ့်မဖြစ် သုဿာန်မှာ ဒီကနေ့ သဂြိုဟ်တာဖြစ်ပါတယ်။

ဦးအောင်ဇင်ထွန်း ရဲ့ကျန်ရစ်တဲ့ မိသားစုတွေကို အစိုးရက ထောက်ပံ့ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းစေ လိုကြောင်း၊ ဥပဒေမဲ့ သတ်ဖြတ်တာကို ရှုတ်ချကြောင်း၊ လူသတ်တရားခံကို အမြန်ဆုံးဖော်ထုတ်စေလိုကြောင်း စတဲ့အချက် ၆ ချက်ကို ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမြန်ဆုံး အမှုမှန်ဖော်ထုတ်နိုင်ဖို့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။