တန့်ဆည်က ကျီကုန်းရွာကို စစ်တပ်က မီးထပ်လာရှို့တယ်လို့ ဒေသခံတွေ ပြော

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီကုန်း (တောင်) ရွာက နေအိမ်တွေကို စက်တင်ဘာ ၂၄ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင်ကျွမ်းသွားပြီး ကျွဲနွားတိရစ္ဆာန်တွေပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီကုန်း (တောင်)ရွာက နေအိမ်တွေ မီးရှို့ခံထားရတာကို ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Taze News

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းကျေးရွာအုပ်စု ကျီကုန်း (တောင်) ရွာကနေအိမ်တွေကို စက်တင်ဘာ ၂၄ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် လေးလုံး မီးလောင်ကျွမ်းသွားပြီး ကျွဲနွားတိရစ္ဆာန်တွေပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်ကလည်း ပထမအကြိမ် ရွာထဲကို မီးဝင်ရှို့ခဲ့တာကြောင့် နေအိမ် ၁၁ လုံးနဲ့ စပါးတင်း ၆၀၀ မီးလောင်ကျွမ်းခဲ့ပြီး ဒီနေ့ပါဆိုရင် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးသွား ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျီကုန်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လက်ရှိ ကျီကုန်း (တောင်) ရွာနဲ့ ကျီကုန်း (မြောက်) ရွာက ဒေသခံနှစ်ရာနီးပါး နီးစပ်ရာတောတောင်တွေနဲ့ တခြားရွာတွေဘက်ကို ထွက်ပြေးနေရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီနေ့ ရွာကိုလာမီးရှို့တဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ကားနှစ်စီးအပြန် ကံထူးမလမ်းပိုင်း တောင်ပို့ရင်း တံတား အနီးမှာ မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တွေလို့ နာမည်ထွက်နေတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ငါးဦး စက်တင် ဘာ ၂၂ ရက်နေ့ညက အသတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရွာထဲကိုပစ်ခတ်ဝင်ရောက်လာ ခဲ့ပြီး အခုလိုမီးရှို့တာတွေလုပ်ခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဒီသတ်ဖြတ်မှုကို သူတို့အဖွဲ့ကလုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ကျီကုန်း (တောင်) ရွာကို စစ်ကောင်စီတပ်သားတွေ ဒုတိယအကြိမ် ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org