တန့်ဆည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့ အမျိုးသမီး ငါးဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ
2024.01.05

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် စိန်းနန်းရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ငါးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးလေးဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ဆယ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ငါးနှစ်အရွယ် မောင်ထက်မြတ်အောင်၊ ၅၃ နှစ်အရွယ် ဒေါ်မိဖွေး၊ ၄၇ နှစ်အရွယ် ဒေါ်မိုးအေး၊ ၂၇ အရွယ် မဇင်နွယ်ထွန်းနဲ့ ၂၃ နှစ်အရွယ် မနိုင်နိုင်ထွန်းတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရထားတဲ့ အမျိုးသမီး ဆယ်ဦးထဲမှာတော့ နှစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ စိန်းနန်းရွာ စာသင်ကျောင်းနဲ့ အနီးတစ်ဝိုက်ကို ဂျက်တိုက် လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမ ပေါင် နှစ်ရာဗုံး နှစ်လုံး ချလိုက်တယ်။ စာသင်ကျောင်းနဲ့ အဲဒီနားက အိမ်တွေကို ထိတယ်။ ပြီးတော့ ရော့ကတ်နဲ့ ပြန်ပတ်ပြီးတော့ ပစ်သွားတာ။ အဲဒီရွာက ကာကွယ်ရေးအဖွဲ့တွေ နေတာမျိုးလည်း မရှိဘူး။ တိုက်ပွဲလည်း မဖြစ်ဘူး။ လေယာဥ်လာတိုင်း ရွာပေါ်က လေကြောင်းလည်းကျတော့ သာမန် ဖြတ်သွားတာလို့ပဲ ထင်နေကြတာ။ အဲဒီအချိန်မှာ လာပြီးတော့ အဲဒီလို ပစ်သွားတာပဲ။ ငါးယောက်သေပြီး ဆယ်ဦးထိခိုက်တာ။ အသက် ၇၀ ကျော် အဘွားကတော့ တော်တော် စိုးရိမ်ရတဲ့ အခြေအနေအထိဖြစ်တာ”
ဒီတိုက်ခိုက်မှုမှာ အရပ်သားတွေ ထိခိုက်သေဆုံးတာအပြင် စာသင်ကျောင်းဆောင် နှစ်ဆောင်၊ နေအိမ် ငါးလုံးနဲ့ ဘုန်းတော်ကြီးကျောင်းက ကားဂိုထောင်တို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားတာ မရှိပါဘူး။
စိန်းနန်းရွာဟာ အိမ်ခြေ သုံးရာကျော်ရှိပြီး တန့်ဆည်မြို့နယ်နဲ့ မိုင် သုံးဆယ်ကျော် ဝေးသလို တန့်ဆည်မြို့နယ်နဲ့ ကျွန်းလှမြို့နယ်အစပ်မှာ တည်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း တန့်ဆည်မြို့နယ် ရွာရှည် (မြောက်) ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်လို့ စာသင်ကျောင်းဆောင်တွေနဲ့ နေအိမ်သုံးလုံး ပျက်စီးခဲ့ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း အရပ်သား ၈၅၃ ဦး သေဆုံးပြီး ၁၅၁၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။