တော်ဝင်စက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန် က တော်ဝင် သစ်အချောထည် စက်ရုံရှေ့မှာ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတဲ့ အလုပ်သမား ၂၀၀ ကျော်ထဲက ၂၅ ဦးဟာ အာဟာရ ပြတ်လပ်ပြီး သတိလစ်မေ့မျော သွားတာကြောင့် မနေ့ညကစလို့ ရွှေပြည်သာ ဆေးရုံနဲ့ အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

2012.11.04
၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံ အလုပ်သမားများ စက်ရုံဝင်းအတွင်း ဆန္ဒပြနေစဉ်။
RFA

အင်းစိန်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ အစာငတ်ခံဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်သူ မနှင်းဝေလွင်က ဆေးရုံကဆင်းနိုင်တာနဲ့ ဆန္ဒပြပွဲကို သွားရောက်ပြီး တောင်းဆိုချက်တွေ ရရှိတဲ့အထိ ဆက်လက်တောင်းဆိုသွားမယ်လို့ RFA ကို ပြောပါတယ်။

တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ စက်ရုံရှေ့မှာ  နေ့စဉ်ရက်ဆက် အစာငတ်ခံဆန္ဒပြနေခဲ့ကြတာ ဒီကနေ့ဆိုရင် ၁၁ ရက် ရှိသွားပြီဖြစ်ပါတယ်။ အခုအခါမှာ အစာငတ်ခံဆန္ဒပြ အလုပ်သမားထဲက ၂၅ ဦးဟာ ရွှေပြည်သာဆေးရုံကို ပို့ဆောင်ကုသနေရပြီး အဲ့ဒီထဲက လေးဦးကတော့ အင်းစိန်ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အလုပ်သမား ၂၅ ဦး ဆေးရုံရောက်နေချိန်မှာပဲ  ကျန်ရှိနေတဲ့ အလုပ်သမားတွေက ဆက်လက်ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ အခုလို အလုပ်သမားတွေ ဆက်လက်ဆန္ဒပြတောင်းဆိုနေမှု၊ အစာငတ်ခံဆန္ဒပြအလုပ်သမား အများအပြား ဆေးရုံတင်လိုက်ရမှုတွေနဲ့ ပတ်သတ်လို့  ကုမ္ပဏီဘက်က တစ်စုံတစ်ရာ တာဝန်ယူ ဆောင်ရွက်ပေးဖို့မရှိဘူးလို့ တော်ဝင်မိသားစု ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးက RFA ကို ပြောပါတယ်။

တော်ဝင်ကုမ္ပဏီ အလုပ်သမားတွေရဲ့ ဒီဆန္ဒပြပွဲဟာ လေးကြိမ်မြောက် ဖြစ်ပြီး အခုအကြိမ်ကတော့  ရက်အရှည်ကြာဆုံး အစာငတ်ခံဆန္ဒပြတောင်းဆိုမှုလည်း  ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။