တော်ဝင်သစ်ချောထည်စက်ရုံက အလုပ်သမားနှစ်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်နေရဆဲ

ရန်ကုန် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုှဇုန်၊ တော်ဝင်သစ်အချောထည် စက်ရုံမှာ မနေ့က လုပ်ငန်းခွင်ဝင်ဖို့ လာတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ဘက်က ဝန်ထမ်းတွေ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရခဲ့ကြသူ အလုပ်သမား ၆ ဦး ထဲမှာ အမျိုးသမီး ၂ ဦးပါဝင်ပြီး အလုပ်သမားခေါင်းဆောင်တွေ ဖြစ်ကြကြောင်း အဲဒီထဲက ကိုဇင်မျိုးကိုကိုနဲ့ ကိုနေလင်းဦးတို့ဟာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရကြောင်း သိရပါတယ်။

2012.12.25

အင်းစိန်ဆေးရုံမှာ ဆေးကုသခံနေရတဲ့  ဒဏ်ရာရအလုပ်သမားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး  သူတို့ကို ကူညီပေးနေတဲ့ Action Labor Rights အဖွဲ့က ကိုကျော်မင်းက RFA ကိုအခုလိုပြောပါတယ်။

" တော်ဝင်ကအလုပ်သမားတွေအခြေအနေက နှစ်ယောက်ပဲစိုးရိမ်ရတဲ့အနေအထားမှာရှိပါတယ်၊ ကျန်တဲ့ လေးယောက်ကတော့ စိုးရိမ်စရာမရှိပါဘူး။"

မနေ့က အလုပ်ဝင်ဖို့လာတဲ့  အလုပ်သမားတွေကို စာချုပ်မှာ လက်မှတ်ထိုးခိုင်းတဲ့အတွက် အလုပ်သမားတွေက စက်ရုံ ဒါရိုက်တာနဲ့ တွေ့ဆုံစကားပြောဖို့ ကြိုးစားခဲ့ကြရာ ဒါရိုက်တာက အတွေ့မခံခဲ့ဘဲ   အလုပ်ရှင်ဘက်က ဝန်ထမ်းတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။

နေ့လည်ပိုင်းမှာ အလုပ်သမားရုံးက တာဝန်ရှိသူတွေရောက်လာပြီး လုပ်ငန်းရှင်နဲ့ ညှိနှိုင်းပြီး အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဖက်ကတော့ အလုပ်သမားတွေဟာ ထမင်းစား အားလပ်ချိန်မှာ စက်ရုံဝင်းအတွင်း ခွင့်ပြုချက်မရပဲ အတင်းဝင်လာပြီး ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ဒီကနေ့ဟာ ခရစ္စမတ်နေ့ဖြစ်တဲ့အတွက် အလုပ်ပိတ်ထားကြောင်းနဲ့ ဆေးရုံက အလုပ်သမားတွေ အရေးကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ Action Labor Rights အဖွဲ့က ကူညီပေးနေကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။