တောင်ကုတ်မြို့နယ်မှာ ဗုံးကြဲခံရလို့ နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် တောင်ကုတ်မြို့နယ် တန်းလွဲရွာမရှိ အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန်းလွဲရွာမ ရဲစခန်းအနီးနဲ့ ရွှေပြည်သာ ကူးတို့ဆိပ်အနီးအပါအဝင် နေရာခြောက်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး သေဆုံးထိခိုက်တာတွေအပြင် နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ တောင်ကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ညက ဗုံးကြဲခဲ့တာပါ။ ဗုံးခြောက်လုံးတောင် ကြဲတယ်။ လောလောဆယ်တော့ လူနှစ်ယောက် သေတယ်၊ သုံးယောက် ဒဏ်ရာရတာရှိတယ်လို့ သိရတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတာ ရှိတယ်။ အဲဒီဘက်မှာတော့ တိုက်ပွဲတွေဖြစ်တာ မရှိပါဘူး။ ဒီအတိုင်း ဗုံးလာကြဲတာ”

ဒဏ်ရာရသူတွေကို အဲဒီရွာမှာပဲ ဆေးကုသမှု ပေးနေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားတာကြောင့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တောင်ကုတ်မြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ သံတွဲမြို့နယ် ပေါက်တူးရွာမှာလည်း စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

RFA ကပြုစုထားတဲ့ အချက်အလက်တွေအရ အခုစက်တင်ဘာ ၁ ရက်နေ့က ၂၄ ရက်နေ့အထိ တစ်လနီးပါးအတွင်း တိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး ခုနစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org