မီးပုံးပျံပျက်ကျမှု ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ


2017.10.31
taunggyi-fire-ballon-burn-622.jpg တောင်ကြီးမြို့မှာ အောက်တိုဘာလ ၃ဝ ရက်နေ့ညက မီးပုံးပျံပျက်ကျခဲ့တာကို တွေ့ရစဉ်
.

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်နေတဲ့ မီးပုံးပျံပွဲမှာ မနေ့ညက မီးပုံးပျံပျက်ကျမှုကြောင့် ကလေးငယ် ၂ဦး အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။  

အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၄ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့က ကူညီထောက်ပံ့ပေး ထားတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ပြောပါတယ်။

"မီးလောင်ဒဏ်ရာ ပြင်းထန်တဲ့ ၂ ယောက်ကအမျိုးသမီး၊ ၄၂ % နည်းနည်းများတာကလည်း အမျိုးသမီး၊ နောက် ၂၆ % ကလည်း အမျိုးသမီးဆိုတော့ မီးလောင်ဒဏ်ရာမှာ အမျိုးသမီးက ၄ ယောက် ယောကျာ်းလေးက ၂ ယောက်၊ နောက်ပြင်ပလူနာပဲ ပြပြီးပြန်သွားတဲ့ ၃ ယောက်ထဲမှာ ၂ ယောက်က ယောကျာ်းလေး ၁ ယောက်က မိန်းကလေး၊ အရိုးဒဏ်ရာနဲ့ ခေါင်းဒဏ်ရာရတာက ၂ ယောက်လုံးက မိန်းကလေးဆိုတော့ ၁၁ ယောက်မှာ ယောကျာ်းလေးက ၄ ယောက်၊ မိန်းကလေးက ၇ ယောက်ပေါ့၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်သွားပြီးတော့ မီးလောင်ပြီးတော့ ဒဏ်ရာရတဲ့လူနာတွေကို အစိုးရအဖွဲ့အနေနဲ့လည်း ထောက်ပံ့ပေးတယ်။"

ဒဏ်ရာရသူတွေထဲမှာ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ၇ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးတို့ ပါဝင်ပြီး အားလုံးက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့သူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း တစ်ယောက်ကို ကျပ် ၅ သောင်းစီ ထောက်ပံ့ပေးထားတယ်လို့ ဒေါက်တာမျိုးထွန်းက ပြောပါတယ်။

တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ပြည်နယ်အစိုးရက လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး စနစ်တကျဖြစ်အောင် ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ၅ ရက်မြောက်ညမှာ အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မီးပုံးပျံပွဲဟာ ဒီနေ့ညအပါအဝင် ၄ ရက်ကျန်နေသေးပြီး လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ပိတ်ပွဲနဲ့ ဆုပေးပွဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။