တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးဖြေကြားမှုကို သတိပေး


2018.03.30
tanintharyi-parliament-622.jpg တနင်္သာရီတိုင်း လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

တနင်္သာရီတိုင်းလွှတ်တော်မှာ တိုင်းဝန်ကြီးတွေ လာရောက်ဖြေကြားတဲ့အချိန်မှာ လက်တွေ့အခြေအနေနဲ့ ကွာခြားနေတာကြောင့် အောက်ခြေအထိစစ်ဆေးပြီးမှသာ ဖြေကြားပေးဖို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားလိုက်ပါတယ်။

ဝန်ကြီးတွေရဲ့တချို့ဖြေဆိုချက်တွေဟာ လက်တွေအခြေအနေနဲ့ ကွာခြားလွန်းနေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီနေ့ ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။

ကျွန်းစုလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ကျေးရွာ ၃၂ ရွာမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မီးလင်းရေးအတွက် ဆိုလာပြားတွေ တပ်ဆင်ပေးခဲ့ပေမယ့် ဒေသခံတွေအခက်အခဲဖြစ်နေတာ၊ ဒေါက်တိုင်၊ ကြိုးတွေ အပြည့်အဝမရတာကို လွှတ်တော်မှာမေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နဲ့ ဆောက်လုပ်ရေးဝန်ကြီးကြီး ဦးကြည်လှိုင်က အားလုံးပေး ပြီးပြီလို့သာ ပြန်လည်ဖြေကြားခဲ့ရာမှာ ကိုယ်စားလှယ်တင်ပြတာနဲ့ ကွဲလွဲနေတာကြောင့် အောက်ခြေမှာ စစ်ဆေးပြီးမှဖြေဖို့ လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

မနေ့ကကျင်းပတဲ့ လွှတ်တော်မှာလည်း လျှပ်စစ်မီးဝန်ဆောင်မှုပေးတာနဲ့ ပတ်သက်ပြီး လောင်းလုံမြိုနယ် ကိုယ်စားလှယ်ဦးဘိုထွေး မေးမြန်းချက်ကို လျှပ်စစ်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ပြန်လည်ဖြေကြားရာမှာ ကိုယ်စားလှယ်မေးမြန်းတာတွေ မပါတာကြောင့် တိတိကျကျဖြေဖို့ လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။