တမူး PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲ သုံးဦး သေဆုံး
ဇန်နဝါရီ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း တမူးခရိုင် ဝိတုတ်ကျေးရွာနဲ့ ရန်လင်းဖိုင်ကျေးရွာအကြား ကလေး- တမူး အာရှလမ်းမကြီးပေါ်မှာ တမူး PDF တပ်ရင်း(၃) က တပ်ဖွဲ့ဝင်တွေက အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲအုပ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသွားပြီး၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း တမူး PDF တပ်ရင်း (၃) က ဗိုလ်ဇီးကွက်က ပြောပါတယ်။
တမူး PDF တပ်ရင်း ၃ က တိုက်ခိုက်လိုက်တဲ့ အိမ်စီးကားဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့က တမူးမြို့မှာ ပြုလုပ်ခဲ့တဲ့ ကားလေးဝင်း ဖွင့်ပွဲအခမ်းအနားကို လုံခြုံရေးယူဖို့ စစ်ကိုင်းဘက်က လာရောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရနိုင်ဖို့ RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝက်ရှုကျေးရွာနဲ့ နှစ်မိုင်အကွာက အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းကို တမူး PDF တပ်ရင်း (၁) က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ထောင်ပိုင်နဲ့ထောင်ဝန်ထမ်း ၁၁ ဦးလောက် သေဆုံးသွားခဲ့တယ်လို့ တမူး PDF တပ်ရင်း (၁) က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။