တာချီလိတ်က ပြန်ပေးဆွဲမှုမှာ လူခြောက်ဦး အသေပစ်ခတ်ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ပြန်ပေးဆွဲသူတွေလို့ စွပ်စွဲခံရသူ ခြောက်ဦးကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက အသေပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်းတစ်နေရာအား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဥ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ပြန်ပေးဆွဲသူတွေလို့ စွပ်စွဲခံရသူ ခြောက်ဦးကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက အသေပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှာနေထိုင်တဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အသက် ၇၀ ကျော်အရွယ် ဦးရန်ထင်ချန်းကို လူခြောက်ဦးက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးသွားတဲ့ တာချီလိတ်မြို့စွန်က နေရာကို အာဏာပိုင်တွေက CCTV ကတစ်ဆင့် ခြေရာခံစုံစမ်းခဲ့ပြီးနောက် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းစဥ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ပြန်ပေးဆွဲအဖွဲ့ ခြောက်ဦးလုံး သေဆုံးသွားတာလို့ တာချီလိတ် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တရားခံ ခြောက်ဦးကို ပါဆတ်ရပ်ကွက်မှာ တွေ့တာ ဟုတ်တယ်။ အဲဒီရပ်ကွက်က မြို့အဝင်မှာ ရှိတယ်။ နည်းနည်း လူနေကျဲတယ်။ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းမှာ အင်အား သုံးဆယ်ကျော်နဲ့ ဖမ်းဆီးတာ။ သေနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာ။ ငါးဦးက နေရာမှာတင် သေတယ်။ တစ်ဦးကတော့ ဆေးရုံပို့ဖို့လုပ်နေရင်း ဆုံးတာ”

သေဆုံးသွားသူတွေထဲမှာ အသက် ၃၀ ကျော် အရွယ်တွေဖြစ်တဲ့ ကိုကျန်းဘီယင်းနဲ့ ကိုမောင်မောင်ဦးတို့ရဲ့ နာမည်ကိုသာ သိရပြီး ကျန်လေးဦးရဲ့နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

သူတို့နေထိုင်ခဲ့တဲ့ နေအိမ်အတွင်းက ပြန်ပေးဆွဲခံရသူ ဦးရန်ထင်ချန်းကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး သေနတ်တချို့နဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် တာချီလိတ်မြို့အတွင်းမှာ လုယက်မှု၊ ဓားပြမှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org