နိုင်ငံရေးအကျဉ်းသား မိသားစုများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ကတိပြု
2010.11.29

နိုင်ငံရေးအကျဉ်းသား ကိုဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်တာ သုံးနှစ်ပြည့် ဆွမ်းကျွေးပွဲကို ဒီကနေ့ မနက် ၁၁နာရီ က ရန်ကုန်မြို့ သံလွင်လမ်း ပဏ္ဍိတရာမ ရွှေတောင်ကုန်းကျောင်းတိုက်မှာ ပြုလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုတွေထဲက ၈၈ မျိုးဆက်ကျောင်းသား မိသားစုများ ၊ NLD နဲ့ တခြား ပါတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များရဲ့ မိသားစုဝင်များ လာရောက်ခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးဖို့ ကတိပေးသလို အကျဉ်းသား မိသားစုတွေရဲ့ အရေးကိုလည်း ပြောဆိုတယ်လို့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုပဏ္ဍိတ်ထွန်း ရဲ မိခင် ဒေါ်ညွန်ညွန့်ဦးက ပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသား မိသားစုတွေနဲ့ တယောက်ချင်းဖြစ်စေ ဆွေးနွေးဖို့ အစီအစဉ် ရှိတဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသား လူတယောက်ရဲ့ သားသမီး ပညာရေးဖက်မှာ ထိခိုက်မယ်ဆိုရင် ဒီကိစ္စမျိုး မဖြစ်အောင် သူတို့အနေနဲ့ စဉ်းစားပြီးတော့ ဖြေရှင်းမဲ့အကြောင်း၊ အားလုံးကို တယောက်ချင်း မနှုတ်ဆက်နိုင်တာကိုလည်း နားလည်ပေးဖို့အကြောင်း ပြောပါတယ်။”
ဒါ့အပြင် နယ်ဝေးအကျဉ်းထောင်တွေမှာ ရောက်နေတဲ့ အကျဉ်းသားတွေအတွက် သွားရောက် တွေ့ဆုံရာမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကနေ အကူအညီတွေ ပိုပြီး ရရှိအောင်လည်း သူ့ အနေနဲ့ ကြိုးစားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
ခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရလို့ အားတက်မိတယ်လို့ ဒေါ်ညွန့်ညွန့်ဦးက ပြောပါတယ်။
“အန်တီတို့အနေနဲ့ ဆုလာဘ်တခုလို သဘောထားတယ်လေ။ အန်တီတို့ အရမ်းဝမ်းသာပါတယ်။ သူလွတ်မြောက်နေတာကိုက အန်တီတို့ အရမ်းအားရ ပျော်ရွှင်စရာ၊ ပျော်ရွှင်တဲ့နေရာမှာ ရိုးရိုးသားသား ပျော်ရွှင်တာမျိုး မဟုတ်ဖူးနော်၊ အလွန်ကို တုန်လှုပ်ခြောက်ခြား ဝမ်းသာအားရ ပျော်ရွှင်တာပါ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ လာရောက် တွေ့ဆုံတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် စုစုပေါင်း တရာကျော်တယ်လို့ သိရှိရပါတယ်။
နိုင်ငံရေးအကျဉ်းသမားတွေရဲ့ မိသားစုဝင်တွေနဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |