ကိုယ်ဝန်ဆောင်မိခင်တွေကို လူကယ်ပြန်ဝန်ကြီးဌာန ထောက် ပံ့မည်
2016.12.27
လာမယ့် ၂၀၁၇ ခုနှစ်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေး နှစ်နှစ်အရွယ်အထိ တစ်လကို ငွေကျပ် တစ်သောင်းခွဲ ထောက်ပံ့ပေးဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။
အဲဒီအစီအစဉ်အရ လတ်တလောမှာ ချင်းပြည်နယ်က ကိုယ်ဝန်ဆောင်မိခင်တွေကို စတင်ထောက်ပံ့သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ယာယီညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး က ပြောပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းများတဲ့ဒေသဖြစ်တာကြောင်း ဦးစားပေးရွေးချယ် တာဖြစ်တယ်လို့ ဒေါက်တာ စန်းစန်းအေး က ပြောပါတယ်။
ချင်းပြည်နယ်အတွက် ထောက်ပံ့မှုပြီးတဲ့နောက်မှာ တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်း ဆက်လက်ထောက်ပံ့ သွားမှာဖြစ်ပြီး တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ နာဂဒေသတို့က ထောက်ပံ့မှုရရှိဖို့ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
လူတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်ကနေ အသက် ၂ နှစ်အရွယ်အတွင်းမှာ ဦးနှောက်ဉာဏ် အဖွံ့ဖြိုးဆုံးဖြစ် တာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေ အာဟာရပြည့်ဝအောင် ထောက်ပံ့ပေးတာဖြစ်တယ်လို့ လည်း ပြောပါတယ်။
အဲဒီထောက်ပံ့မှု အစီအစဉ်အတွက် အသက်မွေးဝမ်းကြောင်းနဲ့ စားနပ်ရိက္ခာလုံခြုံရေးအဖွဲ့ LIFT က အမေရိ ကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့မှာဖြစ်ပြီး ဒေါ်လာ ၈ သန်းကို ထောက်ပံ့မှုမှာ အသုံးပြုမှာဖြစ်သလို ကျန်တဲ့ ၂ သန်းကို အသုံးစရိတ်အဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထောက်ပံ့မှုတွေကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတဆင့် ထောက်ပံ့ပေးမှာဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်မှာဖြစ်ပါတယ်။