ကိုမန် မုန်တိုင်းဘေး ၁ဝ ဦးသေ၊ အစိုးရအရေးပေါ်ထောက်ပံ့ရေး ရခိုင်ပါတီတောင်းဆို
2015.07.31

ရခိုင်ပြည်နယ်မှာ ရေဘေးဒုက္ခသည်များပြားတာကြောင့် နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ သီးသန့်ထောက်ပံ့ငွေ နဲ့ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ လိုနေပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ဒီနေ့ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
သူတို့တောင်းဆိုချက်ကို အစိုးရအနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
"ပြည်နယ်အစိုးရ တစ်ခုတည်းနဲ့လည်း ဒါဖြေရှင်းလို့မရတဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံတော်အစိုးရ ကနေ ငွေလုံးငွေရင်းနဲ့ထောက်ပံ့ပြီးတော့ ဒီဟာကိုစနစ်တကျ ဖြေရှင်းဖို့လိုတယ်၊ အမြန်ဆုံးဖြေရှင်းပေး ဖို့ဟာကို ကျနော်တို့ တောင်းဆိုထားတယ်၊ နောက်တစ်ချက်က နိုင်ငံတကာအစိုးရအဖွဲ့တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပါဝင်ပြီးတော့ အစိုးရနဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်ဖို့ကိစ္စကိုလည်း ကျနော်တို့ တိုက်တွန်းထားပါတယ်"
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတို့ကို မနေ့ညကတိုက်ခတ်သွားတဲ့ ကိုမန်အမည်ရှိ လေမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တောမြို့နယ်တွေမှာ အဆိုးဝါး ဆုံးရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာ လူ ၁၀ ဦးသေဆုံးခဲ့ရပါတယ်။
မကွေးတိုင်းက စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အတွက် ကုန်းမြေမရှိဖြစ်နေပြီး တစ်ချို့အိမ်တွေမှာ လူတွေပိတ်မိနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးက ကောလင်း၊ ကန့်ဘလူမြို့နယ်တွေအပြင် ကလေးမြို့မှာ ရေကြီးနစ်မြုပ်နေတာဟာ ကယ်ဆယ်ရေးစခန်းတွေအထိ ရေကြီးနေတာကြောင့် ထပ်မံရွှေ့ပြောင်းမှုတွေလုပ်ဆောင်နေရပါတယ်။
ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဌ ဦးခိုင်ပြည်စိုးကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။