SSA/SSPP နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်
2014.03.12
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေဟာ မတ်လ ၁၁ ရက်နေ့ မနေ့က မနက်ပိုင်းက SSPP ဝမ်ဟိုင်းဌာနချူပ် အနီးမှာ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်အတွင်းက SSPP ဝမ်ဟိုင်းဌာနချူပ်ကို လုံခြုံရေးယူထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရဘက်က ခြေမြန်တပ်ရင်း ၂၄၇ ကတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ က RFA ကို ပြောပါတယ်။
"ဟုတ်တယ် ကျနော်တို့ ချင်းတီးနဲ့ နန့်ပုန့် အဲဒီလမ်းကြောင်းမှာ ပန်ဆေးရွာအနီးမှာပေါ့ ကျနော်တို့ဘက်က အဲဒီပန်ဆေးရွာမြောက်ဘက် အဲဒီတောင်ကုန်းပေါ်မှာ ရှိတယ်လေ၊ ခမရ ၂၄၇ က တောရှင်းသွားတယ်ဆိုတော့ ကျနော်တို့တပ်နဲ့ သွားတိုးတာပေါ့၊ မနေ့က မနက် ၈ နာရီကနေ ၁၂ နာရီအထိ ကြိုကြားကြိုကြားပေါ့ ပစ်ခတ်မှုတွေဖြစ်တယ်ပေါ့၊ ကျနော်တိ့ုဘက်က ဘာမှမဖြစ်ပါဘူး"
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နေ့လည် ၁၂ နာရီကျော်မှာ အစိုးရတပ်ဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့တဲ့အတွက် နှစ်ဘက်ပစ်ခတ်မှုရပ်စဲသွားခဲ့ပြီး ဒီကနေ့ အခြေအနေကတော့ အေးဆေးနေတယ်လို့ ဗိုလ်မှူးကြီး စိုင်းလ ကပြောပါတယ်။
SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း ယနေ့အချိန်အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံကို တင်ပြခဲ့ပေမဲ့ ထူးခြားမှုမရှိဘဲ ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က နယ်မြေခံတပ်မှူးတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာနချူပ် MPC ရုံးက သမ္မတအကြံပေးတစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကို မေးမြန်းရာမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး MPC က မသိရှိသေးကြောင်းနဲ့ နှစ်ဘက် နားလည်မှုလွဲမှားတာ ဖြစ်နိုင်တယ်လို့ အခုလို ပြောဆိုပါတယ်။
"မသိသေးဘူးခင်ဗျ၊ ကျနော်တို့ဒီဘက်ကလည်း အသေးစိတ်တော့ အတိအကျ မသိသေးဘူးခင်ဗျ၊ ကျနော်နားလည်သလောက်တော့ အခုလက်ရှိ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလုပ်တဲ့ NCCT ဆွေးနွေးပွဲတွေကလည်း အတော်လည်းကောင်းပါတယ်၊ ကြားကာလအခိုက်အတန့်မှာ နားလည်မှု လွဲတာလေးတွေတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဒါပေမဲ့ NCCT နဲ့ တပ်မတော်အရာရှိကြီးတွေတဲ့အခါမှာလည်း NCCT ထဲမှာ ရှမ်းမြောက်ပါနေတာပဲလေ၊ အဲဒါကြားကာလမှာဖြစ်တဲ့ကိစ္စတစ်ခု နောက်တော့လည်း ညှိနှိုင်းသွားမယ်လို့ထင်တယ်"
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့်၊ ပြည်တောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။