ကုန်ဈေးနှုန်းကြီးလို့ ဝန်ထမ်းလစာတိုးပေးတဲ့ လုပ်ငန်းရှင်တချို့ ဖမ်းဆီးခံရ
မြန်မာငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးတဲ့လုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
-
RFA Burmese
2024-06-13 -
-
-
မြန်မာငွေတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ လုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မေလကုန်ပိုင်းမှာ ကုမ္ပဏီတချို့ဟာ သူတို့ရဲ့ဝန်ထမ်းတွေ စားဝတ်နေရေး အဆင်ပြေဖို့ လစာတိုးမြှင့်ပေးတဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုလုပ်တာ မတည်မငြိမ် ဖြစ်စေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုတွေ လုပ်လာတာလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဖမ်းဆီးအရေးယူထားတယ်ဆိုတာ ဟုတ်ပါတယ်။ တချို့လုပ်ငန်းတွေကို ချိတ်ပိတ်ထားတာလည်း ရှိပါတယ်”
Zaw Zaw Mobile ဖုန်းဆိုင်၊ ဆောက်လုပ်ရေးကုမ္ပဏီ (PAM Construction Group Co.,Ltd)၊ ကော်ဖီဆိုင် (COFFEE SINE COMPANY LIMITED) အပါအဝင် ကုမ္ပဏီလုပ်ငန်းရှင်နဲ့ တာဝန်ရှိသူ ဆယ်ဦးထက်မနည်းဟာ ဇွန်လဆန်းပိုင်းကစလို့ ဖမ်ဆီးအရေးယူခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ စီစဥ်နေတယ်လို့ အရေးယူခံရသူတွေရဲ့ မိသားစုနဲ့နီးစပ်သူတချို့က ပြောပါတယ်။
အခုလို အရေးယူခံထားရတဲ့ ကုမ္ပဏီလုပ်ငန်းတချို့ကတော့ သူတို့ရဲ့လုံခြုံရေးအရ RFA ကို တုံ့ပြန်ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဇွန်လဆန်းပိုင်းကလည်း ဈေးနှုန်းမတည်ငြိမ်အောင် လုပ်တယ်လို့စွပ်စွဲချက်နဲ့ ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၂၁ ဦး၊ နိုင်ငံခြားငွေရောင်းချသူ ၁၄ ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေပြီး နောက်ထပ် ၁၁ ဦးကို ဆက်လက်ဖမ်းဆီးမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။