မကွေးတိုင်းထဲက စစ်သား၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ သတိပေး

မကွေးတိုင်းထဲက စစ်သား၊ ရဲ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ကြဖို့ ဗိဿနိုး ပြည်သူ့ ကာကွယ်ရေး တပ်မတော်နဲ့ ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်မတော် (YSO-PDF) တို့က စက်တင်ဘာ ၂၄ ရက် မနေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အခုထုတ်ပြန်ချက်က နောက်ဆုံးအကြိမ်ဖြစ်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
''ဒီနယ်မြေအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အလိုတော်ကျ ဆောင်ရွက်ပေးနေတဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ အသီးသီးကဝန်ထမ်းကို အလုပ်ကနေ နုတ်ထွက်ကြဖို့ နောက်ဆုံးအကြိမ် သတိပေးတာပါ။ စစ်တပ်ကို ကျွန်ခံချင်စိတ်တွေ ဖျောက်ကြပါ။ ကြော်ငြာထားပြီးဖြစ်လို့ လိုက်နာမှု မရှိရင်တော့ အဆိုးမဆိုကြနဲ့''
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်မတော် (YSO-PDF) ကလည်း ရေစကြိုမြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေး မှူးတွေအားလုံး စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ သတိပေးထားတယ် လို့ YSO-PDF ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
ရေစကြိုမြို့နယ်က နှောင်းဘ၊ မအူအောက်ဆိပ်၊ ပရိမ်သာ၊ ကိုင်း၊ မိုးကွဲနဲ့ ကံဦး စတဲ့ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေဟာ စက်တင်ဘာလဆန်းပိုင်းကတည်းက စတင်နုတ်ထွက်နေကြပြီလို့လည်း ဒေသခံ တွေဆီက သိရပါတယ်။
တချို့အုပ်ချုပ်ရေးမှုးတွေလည်း ရွာထဲမနေရဲကြတော့ဘဲ စစ်ကောင်စီတပ်ထဲမှာ သွားရှောင်ပုန်းနေကြလို့ ရွာရဲ့အုပ်ချုပ်ရေးပိုင်းကို ကိုယ်ထူကိုယ်ထပဲ လုပ်နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၈၉ အုပ်စုရှိပြီး နုတ်ထွက်သူနဲ့ ထွက်ပြေးသွားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၁၀ ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။