ဗေဒါသင်တန်းကျောင်း နေရာရွှေ့ပြောင်းဖို့ ဖိအားပေးခံရ
2011.02.12

တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်၊ စိတ္တသုခလမ်း အမှတ် ၂၃ မှာ ဖွင့်လှစ်ထားတဲ့ အဲဒီ ဗေဒါသင်တန်းကျောင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တယ်ဆိုပြီး သက်ဆိုင်ရာက ခြိမ်းခြောက် ပြောဆိုလာတဲ့အတွက် ကျောင်းကို နေရာပြောင်းရွှေ့ပေးဖို့ အခန်းရှင်တွေက မနေ့က ငိုယိုပြီး လာပြောတယ်လို့ ကျောင်းအုပ် ဦးမျိုးရန်နောင်သိန်းက ပြောကြားပါတယ်။
လူငယ်ကွန်ယက်ဖွဲ့ရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ပြီးခဲ့တဲ့လ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ Nation Youth Network နဲ့ ချိတ်ဆက်ထားတဲ့ အစုအဖွဲ့ ၁ဝ၄ ဖွဲ့မှာ ဗေဒါသင်တန်းကျောင်းလည်း တခု အပါအဝင် ဖြစ်ပါတယ်။
မစ္ဇျိမ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီသင်တန်းကျောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပထမဆုံး သင်တန်းကို နိုင်ငံတကာ ဆက်ဆံရေးပညာ မိတ်ဆက်ဘာသာရပ်နဲ့ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလ ၄ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယမြောက် သင်တန်းဆင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အားပေးစာ ပေးပို့ခဲ့ပြီး၊ ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
အခုအခါမှာ လူမှုဆက်ဆံရေး ဘာသာရပ်၊ ကမ္ဘာ့ပြဿနာများ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာမှုနဲ့ အခြေခံ အင်္ဂလိပ်စာ ဘာသာရပ်တွေကို သင်ကြားပေးနေပြီး အခုအချိန်အထိ သင်တန်းတက်ရောက်သူ ၁ ရာ ရှိသွားပြီလို့ သိရပါတယ်။